31 January, 2013

ဓာတ်ပုံမှားယွင်းဖော်ပြခဲ့မိခြင်းအတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ တောင်းပန် ..


သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ တောင်းပန်ချက်ပါ။ တောင်းပန်မှုဟာ လုပ်ရမယ့် အလုပ်ရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်။ သတင်းစဉ် (ပြည်တွင်း) နဲ့ သတင်းစာတိုက်သုံးတိုက်လုံးကို ပြည်သူတွေယုံကြည်မှုရရှိစေဖို့အတွက် ဆက်ပြီး လုပ်ဆောင်ရပါဦးမယ်။ အခုလို ကြီးမားတဲ့မှားယွင်းမှုမျိုးမဟုတ်ဘဲ နဲ့ အသေးအမွှားမှားယွင်းမှုတွေလည်း အများကြီးရှိပါသေးတယ်။ ဥပမာ။ လေယာဉ်ပျံအမျိုးအစားမှားပြီး ဓာတ်ပုံသုံးတာ၊ အားကစားသမား၊ အနုပညာရှင်နံမည်မှားတာ၊ မိုဘိုင်းဖုန်းသတင်းမှာ သတင်းပါ စာသားနဲ့ ဖော်ပြတဲ့ ဖုန်းအမျိုးအစားမှားတာ၊ နိုင်ငံတကာသတင်းမှာ ဘာသာပြန်မှုမှားတာ စသည်ဖြင့် အများကြီးရှိခဲ့ပါတယ်။
ဒါတွေဟာ သေးငယ်တယ်ဆိုပေမယ့် အရေအတွက်များလာတဲ့အခါ ယုံကြည်မှု ကို ထိခိုက်စေတာအမှန်ပါပဲ။ ဒါ့ကြောင့် သတင်းစဉ်ရော၊ သတင်းစာတွေရောအကုန်ပြင်ရမှာပါ။ တစ်ယောက်ကိုတစ်ယောက်လွှဲချနေ လို့ ဘယ်တော့မှ တိုးတက်မှာမဟုတ်ပါဘူး။ သတင်းစာတစ်စောင်မှာ သတင်းစဉ်ကပေးတဲ့သတင်းက ပျမ်းမျှ ၂၀% လောက်ပဲပါပါတယ်။ ကျန်တာ က သက်ဆိုင်ရာသတင်းထောက်များက ပေးတဲ့သတင်း၊နိုင်ငံတကာသတင်း၊ နယ်သတင်းတွေဖြစ်ပါ တယ်။ ဘယ်သတင်းဖြစ်ဖြစ် စိစစ်ရမှာပဲဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် ကျွန်တော်ပေးတဲ့သတင်းဆိုရင်တောင် တိုက်က အယ်ဒီတာက မှားနေ တယ်ထင်ရင် ပြန်ထောက်ပြနိုင်ရပါမယ်။ ထောက်ပြရဲတဲ့သတ္တိလည်း ရှိရပါ မယ်။
ကျွန်တော့်တို့ အရိုးစွဲနေတဲ့အကျင့် ကလည်း မှားတာကို ၀န်ခံဖို့ အတော်ဝန်လေးပါတယ်။တစ်ခါက ဆိုရင် သတင်းစာရဲ့ မှားယွင်းမှုကို တောင်းပန်ဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြား တယ်။ တကယ်ပါလာတော့ ပြည်သူသို့ အသိပေးချက်ဆိုတဲ့ ပုံစံနဲ့ ပါလာ တယ်။
မကြာခင်က လူမှုရေးအဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌကို နံမည်မှားရေး တယ်။ သက်ဆိုင်ရာအဖွဲ့က တရားဝင်စာနဲ့ အကြောင်းကြားတယ်။ သတင်းစာကို ပြင်ဆင်ချက်ထည့်ဖို့ ပြောတော့ နှစ်ရက်လောက်ကြာတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း ပြင်ဆင်ပြီးကြောင်း အကြောင်းကြားဖို့ ပြောတော့ အတော်ပြောယူရတယ်။ ဒီလိုအကြောင်းကြား တာအစဉ်အလာမရှိခဲ့ပါဘူးဆိုတဲ့ ဆင်ခြေမျိုးလည်း ကြားရတယ်။
ဒါတွေဟာ လက်တွေ့ဖြစ်နေတဲ့အခြေအနေပါပဲ။ ဒါတွေကို ပြင်ဖို့ အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ လက်အောက်က မှားရင်လည်း ကြီးကြပ်ဖို့လိုအပ်တဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
အခုဖြစ်စဉ်မှာ မြန်မာတိုင်းမ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအမှားကိုသာ သူတို့ထောက်မပြခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ လွယ်လွယ်ရတဲ့ သတင်းဓာတ်ပုံတွေကို လွယ်လွယ်သုံးတဲ့အကျင့်ဆက်ရှိနေဦးမှာပါ။
ဒီအမှားက သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအတွက် အင်မတန်ကြီးမားတဲ့ အမှားပါ။ ဒီအမှားကနေ အင်မတန်ကောင်းမွန်တဲ့သင်ခန်းစာလည်း ရခဲ့ ပါပြီ။ ဒီကနေ ဆက်ပြီးကြိုးစားဆောင်ရွက်ဖို့ပဲလိုတယ်လို့ ခံယူပါတယ်။
မှားမှန်းသိရင် အမှန်ရောက်ဖို့ တ၀က်ခရီးပေါက်ပြီဆိုတဲ့စကားလည်း ရှိ တယ်မဟုတ်ပါလားဗျာ။

 ရဲရင့်ငယ်

No comments:

Post a Comment