31 October, 2012

အလှူခံ ...


မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ- ..


ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်ရန် သွားသော စက်လှေ တစ်စီး ဘင်္ဂလား ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့ သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခို စက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်း ဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်း ဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေ နစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။
ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။
တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။
ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။

Written by သဇင်ဥ

By Arakan Times

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်စပ်လျဉ်း၍အချက် ၆ ချက်ပါသော အသိပေးကြေညာချက် ..


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်ပဋိပက္ခများနှင့်စပ်လျဉ်း၍အချက် ၆ ချက်ပါသော အသိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။
၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။
၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။
၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည် ..


ရန်ကုန်ဆိပ်ကမ်းရောက် ကားသစ်များကို တရားမ၀င် လာဘ်ငွေယူပြီး ထုတ်ယူခွင့်ပြုခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်း ၁၅ ဦးထက်မနည်းကို စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသို့ ဂျပန်နိုင်ငံမှ ကားသစ်များ တင်သွင်းခွင့်ပြုလျှက်ရှိရာတွင် တင်သွင်းလာသော ကားများ၏ ထုတ်လုပ်သည့် ခုနှစ်များကို ပြင်ဆင်ပြီး ဆိပ်ကမ်းမှ တရားမ၀င် ထုတ်ယူမှုများ ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ တိုင်ကြားစာရောက်ရှိလာကြောင်း၊ ယင်းတိုင်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက တာဝန်ယူ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ပါဝင် ပတ်သက်လျှက် ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ 
“၁၉၉၈ ခုနှစ် မော်ဒယ်ကားတွေကို ၂၀၀၂ ခုနှစ်ထုတ်လို့ ပြောင်းလဲပြီး ဆိပ်ကမ်းကနေ ကားတွေ ထုတ်တာပါ။ စဖြစ်တာက စီးပွား/ ကူးသန်းဝန်ကြီးဌာနဆီ စာတစောင် တက်သွားတယ်။ အဲဒီနောက် ပြည်ထဲရေးကို လွှဲပေးလိုက်တယ်။
ပြည်ထဲရေးကို ရောက်ပြီးတော့ စသုံးလုံးက ကိုင်တွယ် စစ်ဆေးတယ်။ အခု စစ်ဆေးမှုတွေလည်း အားလုံးလုပ်ပြီးလို့ အစိုးရအဖွဲ့(Cabinet) ဆီ တင်တော့မယ်။ အရေးယူတာတွေက အမှုပေါ်မှာ မူတည်ပြီးတော့ ရှိမယ်” ဟုနေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းကလည်း တရားမ၀င် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမ၀င် ထုတ်ယူခွင့် ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ၀န်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ ဌာနပြောင်း အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်ထုတ် အရေးယူ ခံရသူများတွင် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်ပေါ်နှင့် ဦးမျိုးမြင့်သိန်းတို့ ပါဝင်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်သွားရန် မဖြစ်နိုင်ဘဲ
အချိန်ယူ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပြီး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သူများကို သိရှိလျှင် မှတ်ပုံတင်နှင့်တကွ တိုင်ကြားမှု ပြုလုပ်စေလိုကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
ပြည်တွင်း စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကမူ အစိုးရအနေဖြင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်မည် ဆိုပါက ထင်သာမြင်သာဖြင့် စီမံကိန်းချ ဆောင်ရွက်သင့်ကြောင်း၊ ပထမအဆင့်အနေဖြင့် အစိုးရ ဗျူရိုကရက် ယန္တရားကို
လျော့ချရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ ၀င်ငွေအဆင့်အတန်းကို မျှခြေဖြစ်အောင် လုပ်ဆောင်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ တတိယအဆင့် အနေဖြင့် စီးပွားရေး အသိုက်အ၀န်းတခုလုံး ဖွံ့ဖြိုးတိုးတက် စေရန် လုပ်ဆောင်မှသာလျှင် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အောင်မြင်မည်ဟု သုံးသပ်ပြောဆိုသည်။
“အကျင့်ပျက် ခြစားတဲ့သူ ဖမ်းလိုက်၊ အရေးယူလိုက်နဲ့တော့ ဒါကြီးက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လာဘ်စားလို့ ရတဲ့ နေရာဖြစ်တော့ ရှေ့က သွားလို့ နောက်လူဝင်လာလည်း စားဦးမှာပဲ။ ပေါ်လစီပိုင်းနဲ့ကို သေသေချာချာ ချပြီး ထင်သာမြင်သာ ရှိရှိ လုပ်ဖို့ အရမ်းအရေးကြီးတယ်” ဟု ၎င်းက ဧရာဝတီသို့ပြောဆိုသည်။
၂၀၀၆ ခုနှစ်ကလည်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများကြောင့် ဖမ်းဆီးထောင်ချ အရေးယူခဲ့သည်။


မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို ..


ရန်ကုန်၊ အောက်တိုဘာ-၂၇
 
ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာခြောက်ဘီလီယံအပ်နှံထားကြောင်း ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ကြည့်နေသည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။
''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။
ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်ရန်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံများရှိဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အလုပ်ရှင်ကညှိနှိုင်းမှုမရရှိခြင်းကြောင့် တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမား တချို့် အစာငတ်ခံဆန္ဒပြမည်ဟုဆို ...

                                                                      (ဓါတ်ပုံ - ကိုကျော်ကျော်)

 
ကေခိုင်ကျော် DVB ၊အောက်တိုဘာ ၃၁
ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာစက်မှုဇုံ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်မှုကြောင့် ရက်ဆက်ဆန္ဒဖော်ထုတ်မှုများပြုလုပ်နေရာကနေ အခုထိ ပြေလည်မှုမရရှိသေးတာကြောင့် အလုပ်သမားတချို့
အစာငတ်ခံဆန္ဒပြတော့မှာ ဖြစ်ကြောင်း Action Labour Right ခေါင်းဆောင် ကိုကျော်ကျော်က DVB ကို့ပြောပါတယ်။
“အခုဆန္ဒပြတာ၆ရက်မြောက်ဖြစ်နေပါပြီ။ဆန္ဒပြနေတဲ့အလုပ်သမားတွေ
ကတော့အား လုံး ၂၀၀ကျော်လောက်ရှိပါတယ်။မနက်ဖြန်မှ အလုပ်သမား၁၀ယောက်ကနေ အစာငတ်ခံဆန္ဒပြပြီး ဆက်လက် တောင်းဆိုသွားမှာပါ။အဓိက တောင်းဆိုတဲ့အချက်တွေကတော့စက်ရုံအလုပ်သမားတွေကိုအပြင်ဆိုဒ် ကိုမပို့ဖို့ကအဓိက တောင်းဆိုတာပါ။အလုပ်ရှင်နဲ့စာချုပ်ချုပ်တာ၎ကြိမ်ရှိပါပြီ။၂ကြိမ်မှာကအလုပ်ရှင်နဲ့အလုပ်သမားမညှိနှိုင်းပဲအပြင်ဆိုဒ်ကိုမပို့ရဘူးဆိုတဲ့အချက်ပါတယ်။အဲ့ဒီအချက်ကိုအလုပ်ရှင်ဘက်ကချိုးဖောက်တာပါ။အခုအလုပ်သမားတွေတောင်းဆိုနေတာတွေကလည်းလုပ်ခတိုးပေးဖို့မဟုတ်ပါ ဘူး။ဒီကိစ္စဟာမတက်နိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး။ရေရှည်နစ်နာမှုကိုကြည့်ရမယ်။အခုလိုအလုပ်ရှင်ဘက်ကမညှိနှိုင်းပေးတာလွန်တယ်လို့ထင်ပါတယ်။အလုပ်ရှင်ဘက်ကမညှိနှိုင်းပေးတဲ့အပြင်တခြားနည်းလမ်းတွေနဲ့ဖိအားပေးတာတွေလုပ်လာတယ်။သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့လည်းအလုပ်ရှင်တွေကိုညှိနှိုင်းမှုတွေပြုလုပ်လာအောင်ဖိအားပေးသင့်တယ်လို့
ကျွန်တော်မြင်ပါတယ်။” လို့ သူကဆိုပါတယ်။
အလုပ်ရှင်က စာချုပ်ပါအချက်များအား ချိုးဖောက်မှုကြောင့် တော်ဝင်သစ်အချောထည် စက်ရုံ အလုပ်သမား ၂၅၀ကျော် ဆန္ဒဖော်ထုတ်နေကြပြီး အလုပ် သမားတွေဘက်က အချက် ၅ချက် တောင်းဆိုထားတယ်လို့သိရပါတယ်။
ဆန္ဒဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော်ဝင် ကုမ္ပဏီကိုဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါ။