30 December, 2012

ကွန်ပျူတာကျောင်းသူတစ်ဦး သေဆုံးမှုသတင်း ပွင့်လင်းမြင်သာမှုရှိရန် ရန်ကုန်ကွန်ပျူတာ(တ.က.သ) တောင်းဆို ..


မချောသဇင်ဝတ်မှုံသိန်းအား ရေစက်ချတရားနာပွဲကို ကျောင်းအာဏာပိုင်များမှ ကျောင်းဝင်းအတွင်းပြုလုပ်ခွင့်မပေးသောကြာင့် ကျောင်းထိပ်တွင်ပြုလုပ်နေကြစဉ်
ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းဝင်းအတွင်း ဖယ်ရီကြိုပို့ယဉ်ဖြင့်တိုက်မိပြီး သေဆုံးသွားခဲ့သော ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ မချောသဇင်ဝတ်မှုံသိန်း သေဆုံးမှုသတင်းကို ပါမောက္ခချုပ်အပါအဝင် ကျောင်းဆရာ/ဆရာများက ဖုံးဖိထားခြင်းကို ပွင့်လင်းမြင်သာမှုရှိစေရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ အသက် (၁၉)နှစ် မချောသဇင်ဝတ်မှုံသိန်း(တတိယနှစ်)သည် ၄င်းသူငယ်ချင်းနှစ်ဦးနှင့် ကျောင်းဆင်းချိန် လျှောက်လမ်းရှည်သို့ လမ်းလျှောက်ထွက်လာခဲ့ရာ၌ ဖယ်ရီကားနှင့်တိုက်မိပြီး မိုးပေါ်သို့မြင့်တက်သွားကာ အောက်သို့ပြန်ကျလာချိန်တွင် ကားရှေ့မှန်ဖြင့်ထိမိပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။
ယင်းသေဆုံးမှုနဲ့ပက်သက်၍ သတင်းအဖြစ်မှန်ကို ပါမောက္ခများနှင့် တက္ကသိုလ်ကျောင်းဆရာ/ဆရာမများက တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာသာမက အပြင်ကိုပါပြန့်မသွားအောင် ဖုံးဖိထားကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားလူ့အခွင့်ရေး ကာကွယ်ရေးကော်မတီအမှုဆောင် မ၀တ်ရည်မောင်က ယခုလိုပြောသည်။
" ကျောင်းဆရာ/ဆရာမတွေရော၊ ပါမောက္ခချုပ်ပါ သေဆုံးသွားတဲ့ ကျမတို့ ကျောင်းသူအတွက် တစ်စုံတစ်ရာဘာမှ မလုပ်ပေးဘူး။ ကျောင်းဝင်းထဲမှာဖြစ်သွားတဲ့ ကိစ္စဖြစ်နေတဲ့အတွက် ကျောင်းကဆရာ/ဆရာမတွေမှာ တာဝန်အပြည့်အဝရှိပါတယ်။ အဲဒါကို သူတို့က အဲလိုမျိုးမဟုတ်ဘူး ကျောင်းအထဲမှာပဲ သူ့အတွက်ကိုပေါ့နော် တနင်္ဂနွေ့နေ့ကို ဆရာမအနည်းနဲ့ သပိတ်ဖြည့်ပေးမယ်တဲ့။ အကျဉ်းလေးပဲ လုပ်မယ်တဲ့။ ကျမတို့က သေဆုံးသွားတဲ့ ကျောင်းသူရဲ့ အမေအဖေတွေကို သွားပြီးတော့ပြောတယ်။ အမှန်အတိုင်းပြောရရင် သူ့မရဲ့ အမေအဖေတွေကလည်း အကျဉ်းလေးမဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမီးတစ်ယောက်ကိုတောင် ဆုံးရှုံးသွားပြီးပြီလေ။ စည်စည်ကားကားနဲ့ ရေစက်ချပေးချင်တာပေါ့။ ကျမတို့ကျောင်းသူ/ကျောင်းသားတွေအနေနဲ့လည်း အကျဉ်းလေးလုပ်ပေးတာကို လက်မခံဘူး။ ဘာအတွက်လဲဆိုတော့ ကိုယ့်ကျောင်းသူ တစ်ယောက်လဲဖြစ်တယ်၊ သူ့သူငယ်ချင်းတွေကလည်း စည်စည်ကားကားနဲ့ သူ့ရဲ့ရေစက်ချတရားနာပွဲ လုပ်စေချင်တယ်။ ဆရာမတွေက အဲလိုမျိုးမဟုတ်ဘူး။ ကျောင်းသူ/ကျောင်းသားတွေလည်းမပါဘူး။ တနင်္ဂနွေ့နေ့မှာ သူတို့ဟာသူတို့ လုပ်လိုက်မယ်တဲ့။ အဲဒါကို လက်မခံကြဘူး။ လက်မခံကြတဲ့အတွက် ကျမတို့ဟာကျမတို့ လုပ်တယ်။ လုပ်တာကို သူတို့က ခွင့်မပြုဘူး။ ခွင့်မပြုဆိုတော့ ကျမတို့ ကျောင်းထိပ်ထွက်လုပ်တယ်။ စုံစမ်းစစ်ဆေးတဲ့ ရဲတွေကလည်း သေဆုံးတဲ့သတင်းကို သေသေချာချာမပြောပြဘူး။ ကျောင်းသူတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို သေသေချာချာ ပွင့်ပွင့်လင်းလင်း မပြောပါဘူး။ အဓိကတော့ ပွင့်လင်းမြင်သာမှုမရှိဘူး။ " ဟု ပြောသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာတ.က.သ)မှ သေဆုံးသူ မိသားစုများနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီးနောက် ကျောင်းဝင်းအတွင်းရှိ မချောသဇင်ဝတ်မှုံသိန်း သေဆုံးခဲ့သည့်နေရာတွင် သေဆုံးသူအားရည်စူးပြီး သာဓုခေါ်ရန် သံဃာတော်များအားပင့်ဖိတ်ကာ အမျှအတန်းပေးဝေပွဲကို မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကျောင်းအာဏာပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့်သတင်း ပေါက်ကြားသွားမည်ကို စိုးရိမ်သောကြောင့် အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ကျောင်း၏မုခ်ဦးဝတွင်ခုံများခင်းကျင်းကာ ကျောင်းသား/ကျောင်းသူပေါင်း (၁၀၀)နီးပါးခန့်နှင့်အတူ ရေစက်ချအမျှအတန်းပေးဝေခဲ့ပြီး ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာအား ဖတ်ကြားခဲ့ခြင်းကိုလည်း သိရသည်။
" ကျမတို့ ကွန်ပျူတာ ကျောင်းသားသမဂ္ဂအနေနဲ့ ဦးဆောင်ပြီးတော့ မနေ့က ရေစက်ချတရားနာပွဲကို လုပ်ပေးခဲ့တယ်။ နောက်တစ်ခုက သူ့အတွက် အမှတ်တရလည်းဖြစ်အောင် ရက်လည်ဆွမ်းကျွေးပွဲလုပ်ပေးဖို့ရှိတယ်။ သူမအခုလိုမျိုးဆုံးပါးသွားတဲ့ဟာကို သာဓကယူပြီးတော့ သူမအခုလို ဆုံးပါးသွားတာက ကျောင်းမှာတက္ကသိုလ်ဆေးရုံ၊ ဆေးပေးခန်းမရှိလို့ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့က အတတ်နိုင်ဆုံး ကျောင်းမှာ အရေးပေါ်တစ်ရပ်ဖြစ်လာလို့ရှိရင် အရေးပေါ်အခြေအနေကို ကုသပေးနိုင်ဖို့ ဆေးရုံ၊ အဲဒီလိုမျိုးမဟုတ်ဘဲ တက္ကသိုလ်ဆေးခန်း တစ်ခုဖွင့်လှစ်နိုင်အောင် ကျမတို့ကြိုးစားပါမယ်။ " ဟု ဆက်လက်ပြီး ရန်ကုန်ကွန်ပျူတာ(တ.က.သ)မှ ကျောင်းသားထုအခွင့်ရေး ကာကွယ်ရေးကော်မတီအမှုဆောင် မ၀တ်ရည်မောင်က ပြောကြားသွားခဲ့သည်။
ယခုသေဆုံးသွားခဲ့သည့် မချောသဇင်ဝတ်မှုံသိန်းမှာ ဆင်းရဲချို့တဲ့သောမိသားစုဖြစ်၍ မိသားစုဝင် လေးယောက်သာရှိပြီး ရန်ကုန်မြိ့ ရန်ကင်းအနီးအနားက ဖြစ်သည်ကိုသိရသည်။ အမေ ဒေါ်မီမီလွင်၊ အဖေ၊ အစ်မဖြစ်သူနှင့် မချောသဇင်ဝတ်မှုံသိန်းတို့ ဖြစ်သည်ကို သိရသည်။ ဖယ်ရီကားနှင့်တိုက်ခဲ့သော ကားဒရိုင်ဘာကို ပုဒ်မ ၃၀၄ နှင့်တရားစွဲဆိုထားပြီး ရွှေပြည်သာရဲစခန်းတွင် အမှုဖွင့်ဆိုထားကြောင်း သိရသည်။
ယခင်ကလည်း ဤကွန်ပျူတာတက္ကသိုလ်ကျောင်းတွင် ကျောင်းသားနှစ်ဦး မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့သော သတင်းနှင့်ပတ်သက်ပြီး တက္ကသိုလ်ဆရာ/ဆရာမများက သူတို့ကိုယ်သူတို့လုပ်ကြပြီး ကျောင်းသား/ကျောင်းသူများကို အသိမပေးဘဲ သတင်းကို အမှောင်ချခဲ့ခြင်းဖြစ်သည်ကိုလည်း သိရသည်။
အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment