29 December, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်နှိမ်နင်းမှု တစ်လပြည့် ဦးပိုင်ရုံးရှေ့ဆန္ဒပြ. ...


ယနေ့ ၂၉-၁၂-၂၀၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဆန္ဒပြသူ ၂၀ ဦး ခန့်သည်ဆူးလေဘုရားပေါ်မှဆင်းလာပြီးအနော်ရထာလမ်းအတိုင်းချီတက်၍ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ရှေ့တွင်ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
အဆိုပါ ချီတက်ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် “ဦးပိုင်၊ ၀မ်ပေါင် အလိုမရှိ” “ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး ဒို့အရေး၊ ဒို့အရေး”စသည်ဖြင့် ကြွေးကြော်ချီတက်ခဲ့ကြသည်။

ယင်းသို့ ဦးပိုင်ကုမ္ပဏီရှေ့တွင်ဆန္ဒပြမှုပြုလုပ်နေစဉ် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် ကားတစ်စီးဖြင့် မျက်နှာဖုံးစွပ်လူနှစ်ဦးရောက်ရှိလာပြီး အဆိုပါကားပေါ်တွင် အသင့်တင်ဆောင်လာသည့် “ (ဦးပိုင်၊ အသက်-၂၂ နှစ်)၊ (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အသက်-၄နှစ်)ဟု ရေးသားထားသော ခေါင်းသေတ္တာနှစ်လုံးကို ဦးပိုင်ကုမ္ပဏီရှေ့တွင်ချ၍ “အများပြည်သူအလိုမတူတဲ့ (၂၀၀၈) ဖွဲ့စည်းပုံနှင့် ပြည်သူကို ဂုတ်သွေးစုပ်နေတဲ့ ဦးပိုင်ကုမ္ပဏီ၊ သံဃာတော်တွေကို မီးလောင်တိုက်သွင်းတဲ့ လောဘသားတွေ အမိန့်ချမှတ်မည်။ ထာဝရငရဲသို့လားစေ။ ငရဲမီးနှင့်ဆေးကြောခံစေ။ ပုံ-ယမမင်းကြီး (၂၉-၁၂-၂၀၁၂)”ဟုရေးသားထားသော စာအား ဖတ်ကြားပြီး ရေအိုးခွဲ၍ ပြန်လည်ရှောင်တိမ်းသွားခဲ့သည်။


အဆိုပါ ခေါင်းသေတ္တာနှစ်လုံးအား စည်ပင်မှသန့်ရှင်းရေးလုပ်သားသုံးဦးက ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် လာရောက်သိမ်းဆည်းသွားခဲ့သည်။
ယင်းသို့ခေါင်းသေတ္တာလာချခြင်း၊ ရေအိုးခွဲခြင်းပြုလုပ်မှုများသည် ဆန္ဒပြအဖွဲ့နှင့် သက်ဆိုင်မှုမရှိ ကြောင်း၊ လူငယ်များ လုပ်ခြင်းသာဖြစ်ကြောင်း ဆန္ဒပြအဖွဲ့တွင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးမျိုးချစ်က ပြောကြားသည်။
ဆန္ဒပြအဖွဲ့တွင် ဒေါ်နော်အုံးလှ၊ ဦးမျိုးချစ်၊ ကိုဝေဠု တို့နှင့် လက်ပံတောင်းတောင်အရေး ဆောင်ရွက်နေသည့် ဆန္ဒပြခေါင်းဆောင်အချို့ပါဝင်ခဲ့သည်။

No comments:

Post a Comment