27 November, 2012

မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား ..


မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။ " အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။
ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။
ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။
Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။
ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။
မြန်မာသည် တစ်ချိန်က ကြိုးပမ်းခဲ့သော နျူကလီးယားလက်နက် စီမံကိန်းရည်မှန်းချက်များကို စွန့်လွှတ်လိုက်ပြီဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ယုံကြည်ထားသည်။ သို့သော် ယခုတွေ့ရှိထားသော အလူမီနီယံ အလွိုင်းဘားများသည် ဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက မသင်္ကာဖြစ်နေသည်။ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ပြဿနာများအတွက် ရည်ရွယ်ပြီး တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ယုံကြည်ရသည်ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်သို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားက မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရပ်ဆိုင်းရန် မြန်မာအပေါ် အမေရိကန်က ဖိအားပေးမှုအား ပြုံယမ်းက ဝေဖန်ခဲ့သည်။
တွေ့ရှိမှုများကြောင့် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူမပြန့်ပွားရေး မူဝါဒကို ပြန်လည်သုံးသပ်ရမည့် အနေအထားသို့ ရောက်သွားခဲ့သည်။
မြောက်ကိုရီးယားသည် လိုအပ်သော အလူမီနီယမ် သတ္ထုစပ်များကို အခက်အခဲမရှိ ထုတ်လုပ်နိုင်သောကြောင့် နျူစက်ရုံအတွက်သုံးသည့် စက်ဒလက် အမြောက်အများကိုလည်း  ယခုအချိန်တွင် ပိုင်ဆိုင်ထားပြီဟု ယူဆဖွယ်ရှိနေသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ယုံပြောင်ရှိ နျူဆက်စပ်ပစ္စည်း စက်ရုံတစ်ခုရှိ စက်ဒလက်အမြောက်အများကို အမေရိကန်ပညာရှင်အဖွဲ့ကို ပြသခဲ့သည်။ သွားရောက်ကြည့်ရှုခွင့် ရခဲ့သူများအဆိုအရ စက်ဒလက် ၂၀၀၀ ခန့်ရှိပြီး အခြေအနေအရပ်ရပ် ပြည့်စုံပါက တစ်နှစ်အတွင်း အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သည့် အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။
မြောက်ကိုရီးယားသည် နေရာအနှံ့အပြားတွင် မြေအောက်ယူရေနီယမ် သန့်စင်စက်ရုံများ ထပ်ဆောင်းတည်ဆောက် လည်ပတ်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများက သံသယရှိနေသည်။
''မြောက်ကိုရီးယားဟာ ဘယ်တော့မှ သူ့ဖဲချပ်တွေ အကုန်လှန်ပြမှာ မဟုတ်ပါဘူး။ တစ်ခြားဆက်စပ် စက်ရုံတွေ အများကြီး ရှိနေပါဦးမယ်'' ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဗုံးအတွက် ပလူတိုနီယမ် ထုတ်ပေးရန်လိုသော ဓာတ်ပေါင်းဖိုများနှင့် ယှဉ်လျှင် စက်ဒလက်များ မည်သို့ရွှေ့ပြောင်းနေသည်ကို ထောက်လှမ်းရေးဂြိုဟ်တုမှ စောင့်ကြည့်ရန်မှာ နေရာအရွယ်အစား သေးငယ်ခြင်းကြောင့် ခက်ခဲသည့်ကိစ္စ ဖြစ်သည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မကြာသေးမီကာလအတွင်း ဂျပန်အစိုးရ အရာရှိများကို ပြောခဲ့သည်မှာ မြောက်ကိုရီးယားသည် ယခင်က မြန်မာနိုင်ငံမှ မှာယူထားခဲ့ပြီးဖြစ်သော လက်နက်အချို့ကို တင်ပို့ရန် ရှိနေသေးသည်ဟု ပြောကြားထားခဲ့သည်ဟုလည်း အဆာဟိရှင်ဘွန်းက ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နောက်ထပ်လက်နက်သစ် မှာယူထားခြင်း မရှိတော့ကြောင်းလည်း  လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ် နွေဦးမှစတင်ပြီး မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ လဲလှယ်လွှဲပြောင်းမှုများ မရှိတော့ဟု မြန်မာအရာရှိများက ပြောကြားထားခဲ့သည်များနှင့် မူကွဲလွဲလျက် ရှိသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် သူရဦးရွှေမန်းက သွားရောက်ခဲ့စဉ်တွင် စစ်လက်နက်ပစ္စည်းများ မှာယူခဲ့ဖူးသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက ယူဆထားသည်။ သွားရောက်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား ဒုံးကျည်ဆက်စပ် စက်ရုံများလည်း ပါဝင်ခဲ့သည်။
ဇန်န၀ါရီလတွင် တရုတ်မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောတစ်စင်းတွင် ပါရှိလာသည့် ကာဂိုသည် မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းမှလာခြင်းဖြစ်ပြီးမြန်မာစစ်ဘက်နှင့်ပတ်သက်သောအဖွဲ့
အစည်းတစ်ခုမှ မှာယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
''ဒီကုန်သေတ္တာမှာ လက်နက်ထုတ်လုပ်ဖို့ အဓိကကျတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မပြတ်တောက်သေးပါဘူး'' ဟု ရန်ကုန်ရှိ သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ခန့်အတွင်း တရုတ်နိုင်ငံထုတ် စစ်တပ်သုံး ထရပ်ကားများအပါအ၀င် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများလုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အခြားကုမ္ပဏီလုပ်ငန်း အကြောင်းပြ စစ်တပ်သုံးပစ္စည်း ၀ယ်ယူတင်သွင်းသည့် ကုမ္ပဏီအချို့ရှိနေသေးကြောင်းလည်း သိရသည်။
အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ

၁။ အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန်
အစိုးရထံမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ် နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန်ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၂။ ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-

(က) ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)

(ခ) မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

(ဂ) ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၃။ ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေးတတ်နိုင်မှု၊ နည်းပညာ စသည့်လိုအပ်ချက်များကြောင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရလက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။

သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက်ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်းသတင်းစာပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။
Ref;Asahi Shinbum

No comments:

Post a Comment