25 November, 2012

သုံးရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ပွဲစဉ်များ ထုတ်လွှင့်ခွင့် Skynetရရှိ



ရန်ကုန်၊ နိုဝင်ဘာ ၂၄

လာမည့်နှစ် ဘောလုံးရာသီ မှစတင်၍ ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်များကို သုံးရာသီ ဆက် တိုက်ရိုက် ထုတ်လွှင့်ခွင့် အတွက် Skynet ရုပ်သံလိုင်းနှင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်တို့ တရားဝင် သဘော တူညီမှု ရရှိခဲ့ကြောင်း အဆိုပါ ရုပ်သံလိုင်းမှ အထွေထွေ မန်နေဂျာ ဦးဝင်းနိုင် က The Voice Weekly သို့ နိုဝင်ဘာလ ၂၄ ရက်နေ့က ပြောကြားသည်။

ယခု သဘော တူညီချက် အရ Skynet ရုပ်သံ အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၃-၁၄ မှ ၂၀၁၅-၁၆ အထိ သုံးရာသီ ဆက်တိုက်ကို တရားဝင် တိုက်ရိုက် ထုတ်လွှင့်ခွင့် ရရှိမည် ဖြစ်ပြီး တစ်ရာသီလုံးစာ ပွဲစဉ်ပေါင်း ၃၈၀ကို တိုက်ရိုက် ထုတ်လွှင့်ခွင့် ရရှိသွားမည် ဖြစ်ကြောင်း ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ထုတ်ပြန် ကြေညာသည်။
" Skynet ရုပ်သံလိုင်းနဲ့ ပူးပေါင်း ဆောက်ရွက် ရတာကို အလွန်ပဲ ကျေနပ်မိပါတယ်၊ ရှေ့ဆက် ပြီးတော့လည်း မြန်မာပြည်က ပရိတ်သတ် တွေနဲ့ ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပြီး အကောင်းဆုံး တွေကို တင်ဆက် ပေးသွားပါမယ်" ဟု ပရီးမီးယားလိဂ် အမှုဆောင် အရာရှိချုပ် ရစ်ချက်စကူဒါမိုး က ပြောကြားသည်။

မြန်မာပြည်တွင် ပရီးမီးယားလိဂ် ဘောလုံးပွဲ ကြည့်ရှုသူ အရေအတွက် မှာလည်း တိုးတက် နေသောကြောင့် ယခု အနေအထား သည် စိတ်လှုပ်ရှားစရာ အခွင့်အလမ်း ဖြစ်ကြောင်း Skynet ရုပ်သံမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြင့်မြင့်ဝင်း က ပြောကြားသည်။ ထို့အပြင် အရှေ့တောင် အာရှ ဒေသ များမှ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား တို့တွင် Cable Thai Holding၊ ဗီယက်နမ်တွင် IMG Media တို့နှင့်လည်း သဘော တူညီမူများ ရရှိခဲ့ကြောင်း ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်က ကြေငြာခဲ့သည်။

လက်ရှိ အချိန်တွင် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ခွင့် ရရှိထားပြီး Skynet ရုပ်သံ လိုင်းမှ ချန်ပီယံလိဂ် နှင့် EUROPA League ပွဲစဉ်များကို UEFA ထံမှ တရားဝင် သဘော တူညီမှု ရယူကာ ထုတ်လွှင့် ပေးနေသည်။
"MRTV-4 ကနေ အလကား ပြပေးနေတော့ ဒီရာသီ ဘောလုံးပွဲ ကြည့်ရတာ အဆင်ပြေတယ်၊ Skynet ဆိုရင်တော့ သူတို့က အခပေး ရုပ်သံလိုင်း တွေကြီးပဲ ဆိုတော့ ဘာစက်မှ မဝယ်နိုင်တဲ့ ကျွန်တော်တို့လို လူတွေနဲ့ 4Digital စက် ရှိတဲ့ သူတွေ အတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲ ကြည့်ဖို့ အခက်အခဲ ရှိနိုင်တယ်၊ နိုင်ငံတကာ ရုပ်သံလိုင်း တွေလို မူပိုင်ခွင့် ရတဲ့ လိုင်းက တစ်ခြား လိုင်းတွေကို အခပေး ပြန်လွှင့်ခွင့် ပေးတာမျိုး လုပ်သင့်တယ်" ဟု ပရီးမီးယားလိဂ် ဘောလုံးပွဲ များကို ပုံမှန် စောင့်ကြည့်လေ့ ရှိသူ ကိုကျော်ကျော်လင်း က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment