04 January, 2013

နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ ...


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့် အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။

 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သဝဏ်လွှာ
ချစ်ခင်လေးစား အပ်ပါသော မြန်မာ နိုင်ငံသား  တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား -
ယနေ့အခါ သမယသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့  အခါသမယ ဖြစ်ပါသည်။  ဤနေ့ထူး နေ့မြတ် အခါ သမယ တွင် မြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင်လျက် ရှိကြသော တိုင်းရင်းသား ပြည်သူအပေါင်း  ကောင်းကျိုး မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါ စေဟု ချစ်ကြည် ရင်းနှီးစွာ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။
မြန်မာ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အပေါင်းတို့သည် ရှေးအစဉ် အဆက် ကတည်းက ကိုယ့်ထီး ကိုယ့်နန်းဖြင့် အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည် ခဲ့ပါသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို လေးစား လိုက်နာကာ အချင်းချင်း ရိုင်းပင်း ကူညီပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင် ခဲ့သူများ ဖြစ်ပါသည်။
သို့သော် ၁၉ ရာစု နှောင်းပိုင်းတွင် ကိုလိုနီ နယ်ချဲ့တို့၏ မတရား ကျူးကျော်နယ်ချဲ့ မှုကြောင့် မြန်မာ့ရေမြေနှင့် အချုပ်အခြာ အာဏာသည် ဆုံးရှုံးခဲ့ရ ပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား အသီးသီးတို့က မိမိတို့ ဒေသအလိုက် ရရာ လက်နက်များ ဆွဲကိုင်၍ နယ်ချဲ့တို့ကို တွန်းလှန်ခဲ့ကြ သော်လည်း အင်အားချင်း မမျှ၍ သူ့ကျွန်ဘဝ ရောက်ခဲ့ ရခြင်း ဖြစ်ပါသည်။
ချစ်ခင်လေးစား အပ်ပါသော မြန်မာ နိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-
နယ်ချဲ့တို့က မြန်မာ နိုင်ငံကို သိမ်းပိုက်ပြီးနောက်  မြန်မာ့ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် သိမ်းပိုက်ခဲ့ကြ ပါသည်။ မြန်မာ လူမျိုးတို့၏ ဘာသာ တရား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ကိုယ်ပိုင်စာပေနှင့် ဘာသာစကား များကို ပျက်ပြားအောင် စနစ်တကျ စီမံလုပ်ဆောင် ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းသား အချင်းချင်း သွေးစည်း ချစ်ခင် ညီညွတ်မှု ပျက်ပြားအောင် တောင်ပေါ်နှင့် မြေပြန့်ဟူ၍ ခွဲခြား အုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်း သံသယဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ကျွန် သက်ရှည်စေရန် အတွက် ကျွန်ပညာရေး စနစ်ကိုလည်း ဖန်တီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ပညာတတ် မျိုးချစ် လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြ ပါသည်။
ကိုလိုနီ နယ်ချဲ့တို့ကို တွန်းလှန်နိုင်ခဲ့ သော်လည်း ဖက်ဆစ် ဂျပန်တို့၏ နှိပ်စက် ညှဉ်းပန်းမှုကို ပြည်သူတို့ ခါးစည်း ခံခဲ့ရပြန်သည်။ ထိုအခါ တပ်မတော်နှင့် ပြည်သူသည် ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ်ခဲ့ရ ပါသည်။ ဖက်ဆစ်တို့ကို မြန်မာ့မြေမှ မောင်းထုတ် ခဲ့ပြီးနောက် မြန်မာ နိုင်ငံသို့ နယ်ချဲ့ အစိုးရ ပြန်လည် ဝင်ရောက် လာသော အခါတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များသည် မြန်မာ့ လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲ ဝင်ခဲ့ကြရ ပါသည်။ လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူ အားလုံး အပြည့်အဝ ရရှိခံစား နိုင်ရေးအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသား အားလုံး စည်းလုံး ညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ ကြပါသည်။
ချစ်ခင် လေးစား အပ်ပါသော မြန်မာ နိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-
နိုင်ငံ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသား ပြည်သူ အပေါင်းတို့၏ ကာယ၊ ဥာဏ စုပေါင်းအားအပြင်  အသက်၊ သွေး၊ ချွေးတို့ကို ရင်း၍ ဆောင်ရွက် ခဲ့ကြသည့် အတွက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော၊ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ ယခု ၂ဝ၁၃ ခုနှစ်ဆိုလျှင် (၆၅) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မြန်မာ့လွတ် လပ်ရေးသည် တိုင်းရင်းသား ညီအစ်ကို အပေါင်းနှင့် ဘိုးဘွားတို့၏ အသက်ပေါင်း များစွာဖြင့် လဲလှယ် ခဲ့ရပါသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေးကြီး သားစဉ်မြေးဆက် ထာဝစဉ် တည်တံ့ ခိုင်မြဲစေရန်မှာ ယနေ့နှင့် အနာဂတ် တိုင်းရင်းသား ပြည်သူများ၏ တာဝန်ဖြစ်ပေသည်။
လွတ်လပ်ရေးသည် တိုင်းပြည် တစ်ပြည်၏ အသည်း နှလုံးပင် ဖြစ်ပါသည်။ လွတ်လပ်သော တိုင်းပြည် ဖြစ်မှသာ အေးချမ်း သာယာ၍ ဖွံ့ဖြိုးတိုးတက်သော လူမှု အသိုက်အဝန်း တစ်ရပ်ကို ကိုယ်တိုင် ထူထောင်နိုင်ပါမည်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်နှင့် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည် နိုင်ရေးတို့ အတွက် လွတ်လပ်ရေး အရှည် တည်တံ့ရန် အရေးကြီး ပေသည်။  ထိုလွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရန် အတွက် ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်တို့ကို အရင်းခံပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊  အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသော  ဒို့တာဝန် အရေး သုံးပါးကို   ပြည်သူ အားလုံးက  တာဝန် သိစွာဖြင့် ဝိုင်းဝန်း၍ ကာကွယ် စောင့်ရှောက်ကြရန် လိုအပ်ပါသည်။ မြန်မာ့ လွတ်လပ်ရေး ကမ္ဘာ တည်သရွေ့ တည်တံ့ ခိုင်မြဲရေးကို ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ကြရပါမည်။
ချစ်ခင် လေးစား အပ်ပါသော မြန်မာ နိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ခင်ဗျား-
လွတ်လပ်ရေး ရရှိပြီးနောက် တိုင်းပြည်ကို ပြန်လည်ထူထောင် ကြရာတွင် ခေါင်းဆောင် အချင်းချင်း မညီညွတ်မှု၊ ပြည်သူများ စည်းလုံးညီညွတ်ရေး အားနည်းမှု၊ လက်နက်ကိုင် ပဋိပက္ခမှု များကြောင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဆင့်သို့ ရောက်ရှိမလာဘဲ အိမ်နီးချင်း နိုင်ငံအချို့၏ နောက်သို့ပင် ကျန်ရစ် ခဲ့ရပါသည်။
သမိုင်း၏ သင်ခန်းစာများ အရ ယနေ့ သန်း ၆ဝ သော မြန်မာ ပြည်သူများ၏ တူညီသော ဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးပင် ဖြစ်ပါသည်။ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးအတွက် ပြည်သူများ၏ စည်းလုံး ညီညွတ်ရေးနှင့် တရားဥပဒေ လေးစားလိုက်နာရေး တို့သည် အရေးကြီး သကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုကြီး အတွင်း ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ရာသက်ပန် ပူးပေါင်း နေထိုင်လိုသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည်လည်း လွန်စွာမှ အရေးကြီးပါသည်။ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးသည် တစ်ခုနှင့်တစ်ခု ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အမှီသဟဲပြု လျက် ရှိပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက် နိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသား အားလုံးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် ကိုယ်စီကိုယ်စီ တာဝန်ရှိကြသည် ဟူသော အသိ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ချစ်ခင်လေးစား အပ်ပါသော မြန်မာ နိုင်ငံသား တိုင်းရင်းသား ပြည်သူ အပေါင်းတို့ခင်ဗျား-
မိမိတို့ မြန်မာ နိုင်ငံသည် ရေခံမြေခံ ကောင်းပြီး သဘာဝ သယံဇာတလည်း ပေါများသည့် နိုင်ငံဖြစ်ပါသည်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် သဘာဝ သယံဇာတထက် ပို၍ အရေးကြီးသည်မှာ လူသား စွမ်းရည်ဖြစ်ပါသည်။  လူသား စွမ်းရည် ပြည့်ဝသည့် လူမျိုးဖြစ်အောင် လူငယ် လူရွယ်များအား လေ့ကျင့်ပျိုးထောင် တည်ဆောက် ပေးကြရပါမည်။ ပညာရေး အဆင့်အတန်း မြင့်မားအောင် ဝိုင်းဝန်း၍ မြှင့်တင် ပေးရ ပါမည်။ ကျန်းမာ သန်စွမ်းပြီး ပညာရည် မြင့်မားသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် မျိုးဆက်သစ် လူငယ်များ သည်သာ အနာဂတ် မြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဖန်တီးနိုင်ပြီး မိမိတို့ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို လက်ဆင့်ကမ်း တာဝန်ယူ သွားနိုင် ကြမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော် လိုက်ပါသည်။ 
မြ၀တီ

No comments:

Post a Comment