22 March, 2013

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန် ..


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း   ၁၁      ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ  ၂၂   ရက်)
အရေးပေါ်အခြေအနေကြေညာခြင်း
၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
၄။  ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
၅။  ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။
(ပုံ) သိန်းစိန်               
နိုင်ငံတော်သမ္မတ          
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment