03 February, 2013

Myanmar Express Website သဘောထားပြောင်းလဲသွားပြီလား ..

 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံအဖွဲ့များ၏ အကြောင်းများ အား ပြင်းထန် စွာ ဝေဖန်ရေးသားလျက်ရှိသော Myanmar Express Website တွင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ပုဂ္ဂိုလ်ရေးရာထိုးနှက်တိုက်ခိုက်ထားသောစာများနှင့် ဓါတ်ပုံများ မတွေ့ရသည်မှာတစ်လခန့်ရှိပြီဟုပြည်တွင်းဂျာနယ်သတင်းထောက်တစ်ဦး ဖြစ်သူ ကိုအောင်ကျော် စိုးမှပြောပါတယ်။

ကျွန်တော်သတိထားမိတာ ၂၀၁၃ ခုနှစ် နှစ်စကစပြီးတော့ Myanmar Express Website မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတဲ့ပုံတွေ၊ စာတွေလုံးဝမတွေ့ရတော့ဘူး။ ဒီ Website က အန်တီစုကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေများလို့ လုံးဝမကြိုက်ပါဘူး။ ဒါပေမယ့် တစ်ချို့သတင်းလေး တွေက စိတ်ဝင်စားဖို့ကောင်းတော့ မကြာမကြာဝင်ကြည့်ဖြစ်ပါတယ် ဟု ပြောဆိုခဲ့သည်။ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ ၎င်း၏ “၂၀၁၃တွင် ရဲရင့်ပါ” ဟူသော ဆောင်းပါးတစ်ပုဒ်တွင် Myanmar Express Website အား အာဏာရှင်စနစ်၏ ဒေါက်တိုင်အဖြစ် စွပ်စွဲထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ Myanmar Express Website ကို အရေးယူပေးရန် တောင်းဆိုခဲ့ပါတယ်။ ထို့အပြင် Myanmar Express Website အား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တာမွေရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(က)အရ အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။ ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ ကိုဝင်းဌေးကတော့ Myanmar Express မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရေးသား ထားတာတွေကိုမတွေ့ ရတော့တာဟာ လွှတ်တော်မှာ ဒေါက်တာဆိတ်ဖွားကိစ္စမတင်ခင် ကတည်းကလို့ပြောလို့ရပါ တယ်။ လွှတ်တော်မှာ ဒေါက်တာဆိတ်ဖွားကိစ္စမဆွေးနွေးခင်ကာလ  Eleven Media Graup က အမှုမဖွင့်ခင် ကတည်းကမတွေ့တော့တာပါ။ ဒီကြားထဲ ဒေါက်တာသန်းထွဋ်အောင်ကို ပုတ်ခတ်ထားတဲ့ ဆောင်းပါးတွေတော့ တွေ့ပါသေးတယ်။ ဒေါက်တာ သန်းထွဋ်အောင်ရေးတဲ့ “၂၀၁၃ မှာရဲရင့်ပါ ဆိုတဲ့ ဆောင်းပါးကို ပြန်လည်တုန့်ပြန် ထားတဲ့ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်သို့ ပေးစာဆိုတဲ့ ဆောင်းပါးတစ်ပုဒ် Online မှာတွေ့မိပါတယ်။ ဒါပေမဲ့ Myanmar Express ကတက်တာတော့မဟုတ်ပါဘူး၊ နောက်ပိုင်း Eleven Media Group နဲ့ Myanmar Express ပြဿနာတွေကတော့ သူတို့ချင်းအပြန်အလှန် စွပ်စွဲပုတ်ခတ်ကြတဲ့ Personal ပြဿနာတွေ များမယ်နဲ့တူပါတယ် ဟု ပြောဆိုသွားသည်။
       Eleven Media Group မှ Myanmar Express ကို ရဲစခန်းတွင် အမှုဖွင့်ထားသည့် ကိစ္စနှင့် ပတ်သက်၍ IT ပညာရှင် ကိုမင်းထက်က “ Myanmar Express ဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Website လဲမဟုတ်ပါဘူး။ Google က Blog ကိုယူပြီး  Domain name နဲ့ သုံးထားတာပါ။ သူက ဒေါက်တာဆိတ်ဖွားလိုပါပဲ ဘယ်သူ့ကို အရေးယူရမလဲသိမှာမဟုတ်ပါဘူး။ ခန့်မှန်းသတင်းနဲ့သာဘယ်သူတွေလုပ်နေတယ်လို့ပြောဆိုနေပေမယ့် သက်သေ အတိအကျနဲ့ ဖော်ထုတ်ဖို့ကတော့မဖြစ်နိုင်ပါဘူး။ ဖော်ထုတ်ဖို့မလွယ်ပါဘူး “ Domain name နဲ့ Blog လုပ်တာကုန်ကျစရိတ်လဲသိပ်မရှိပါဘူး။ တစ်နှစ်လုံးမှာမှ Domain name ငှားရမ်းခ ၁၅၀၀၀ ကျပ်လောက်ပဲကျတာပါ။ ဝါသနာပါရင် စိတ်ဝင်စားရင်မည်သူမဆိုလုပ်လို့ရပါတယ်။ ဘာပဲပြောပြော လူထု ခေါင်းဆောင်ကို ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှုတွေမလုပ်တော့တာကို ကြိုဆိုပါတယ်။  ဆက်ပြီးတော့စောင့်ကြည့်ရ ပါဦးမယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့တွေကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်နေတဲ့ Facebook တွေ blog တွေလဲ သဘောထားပြောင်းစေချင်ပါတယ်” ဟုပြောဆိုသွားသည်။
       Myanmar Express ကို အာဏာရှင်ရဲ့ဒေါက်တိုင်ပဲပြောပြော၊ လျှို့ဝှက်အဖွဲ့အစည်းကလုပ်တယ်ပဲပြောပြောအခုလိုအတိုက်အခံခေါင်း ဆောင်ရဲ့ ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်မှုတွေကို မပြုလုပ်တာကို ကြိုဆိုရမှာပါ။ အာဏာရှင်ဒေါက်တိုင်တွေက ထူထောင်ထားတယ်ဆိုရင်တောင် သူတို့ရဲ့ ဒေါ်စုအပေါ်ထားတဲ့ သဘောထား ပြောင်းလာကြပြီလို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။ Myanmar Express လိုပဲ သမ္မတကြီးနဲ့ အစိုးရအဖွဲ့အပေါ် ပုဂ္ဂိုလ်ရေးရာ ပုတ်ခတ်ရေးသားနေတဲ့ ဒီမိုဖက်တီး၊ ခွန်ဒီးယန်စတဲ့ facebook စာမျက်နှာတွေလဲရှိပါသေးတယ်။ သူတို့လဲ ပုဂ္ဂိုလ်ရေးအရ ဆက်လက်တိုက်ခိုက်တာတွေ မလုပ်စေချင်ပါဘူး ဟု အယ်ဒီတာ ကိုဝင်းဌေးမှ ပြောဆိုသွားသည်။
Myanmar Express Website သည် Internet တွင် နာမည်ကြီးနေသည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပြီး အချို့က ပြည်တွင်းရှိ နာမည်ကြီးခရိုနီတစ်ဦးမှ အထောက်အပံ့ပေးပြီးတည်ဆောက်ထားကြောင်းနဲ့ လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့တစ်ခုမှ ထောက်ခံပေးထားကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တိကျသော သက်သေအထောက် အထားမရှိပေ။
                                                                                                     ကိုသန်းဇော်(မိတ္ထီလာ)
သံလွင်ဘလော့

No comments:

Post a Comment