03 February, 2013

ဌာနပိုင်မြေနှင့် အဆောက်အအုံများတွင် ကြော်ငြာဆိုင်းဘုတ် စိုက်ခွင့်မပြုတော့ဟုဆို...


ရန်ကုန်မြို့မှကြော်ငြာဆိုင်းဘုတ်တစ်ခုအားတွေ့ရစဉ်
ဆွေမွန်
ရန်ကုန်၊ဇန်န၀ါရီ-၂၈
အတွဲ (၁၁)၊ အမှတ်(၄၇)
အစိုးရဌာနဆိုင်ရာပိုင်မြေများနှင့် အဆောက်အအုံများတွင် ကြော်ငြာ ဆိုင်းဘုတ် စိုက်ထူခြင်းကို ယခုနှစ်မှစ၍ ထပ်မံခွင့်ပြုတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
 
အဆိုပါနေရာများကို ယခင်က ကော်မတီအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ ဌာနဆိုင်ရာအလိုက် သီးခြားဆောင်ရွက်စေခဲ့သော်လည်း ယခုအခါ စုပေါင်း၍ တာဝန်ယူ လုပ်ကိုင်တော့မည်ဖြစ်ခြင်းကြောင့် ထိုသို့သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ အရာရှိတစ်ဦးကပြောသည်။
“ဒီနှစ်ကစပြီး ထပ်ပြီး ခွင့်မပြုတော့ဘူး။ ခွင့်ပြုပြီး ကြော်ငြာဆိုင်းဘုတ်တွေက ကာလကုန်ရင် ဖြုတ်ပေးရမယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဌာနဆိုင်ရာမြေများနှင့် အဆောက်အအုံများတွင် စိုက်ထူထားသည့် ကြော်ငြာဘေလ်ဘုတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများက လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်နေပြီး စာရင်းကောက်ယူနေဆဲဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ကြော်ငြာဘေလ်ဘုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများက မူဝါဒ အပြောင်းအလဲများ ပြုလုပ်ရာ၌ လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများနှင့် နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း Than Htut ကြော်ငြာကုမ္ပဏီမှ ဦးသန်းထွဋ်က ပြောသည်။
“လုပ်ငန်းလုပ်စားလို့ မရတော့ဘူး။ အလုပ်သမားတွေလည်း ပြန်လွှတ်ရတဲ့ အနေအထား ဖြစ်နေပြီ”ဟု ၎င်းကပြောသည်။
လက်ရှိ ကြော်ငြာဘေလ်ဘုတ်တစ်ခုလျှင် တစ်စတုရန်းပေကို ကျပ်နှစ်သောင်းပေးဆောင်ရကာ ယာယီဘုတ်သဘောမျိုးသာဖြစ်ပြီး သက်တမ်းတစ်နှစ်ပြည့်လျှင် ထပ်မံပေးသွင်းရမြဲဖြစ်ရာ တစ်နှစ်လျှင် ဘေလ်ဘုတ်ကြီးတစ်ခုကို ကျပ်သိန်း ၂၀၀ ခန့်အခွန်ပေးဆောင်နေရကြောင်း ကြော်ငြာဘေလ်ဘုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် စိုက်ထူထားသည့် ကြော်ငြာဘေလ်ဘုတ်အကြီးများကို ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ ယမန်နှစ်က စိုက်ထူခွင့် တစ်နှစ်သက်တမ်း တိုးပေးခဲ့ပြီး ထိုကာလပြည့်ပါက ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကြော်ငြာဘေလ်ဘုတ်လုပ်ငန်းများကို ရန်ကုန်မြို့တွင် ၁၉၉၆ ခုနှစ်မှစ၍ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ပေါ်ပြူလာ

No comments:

Post a Comment