31 January, 2013

ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းလာသည့် ဘီယာချမ်း ဒါဇင်တစ်သောင်းကျော် ဖမ်းမိ ..


ပြည်သိမ်း၊ မောင်တာ

မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မှောင်ခိုတင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ဘီယာချမ်း ဒါဇင်တစ်သောင်းကျော် ဖမ်းမိကြောင်း မြ၀တီ နယ်စပ်ကုန်သွယ်ဦးစီးဌာနမှ သတင်းရရှိသည်။
“ဘီယာချမ်းက ဟိုဘက်မှာဆို ဆယ်ဘတ်ပဲရှိတော့ ဈေးသက်သာလို့ သွင်းကြတာပေါ့။ ကျပ်ငွေနဲ့ဆို သုံးရာဝန်းကျင်ပဲရှိတယ်” ဟု မြ၀တီ လမ်းကြောင်းမှ တရားမ၀င် ကုန်သွယ်မှု တားဆီးရေးအဖွဲ့ ခေါင်းဆောင် ဦးသိန်းဝင်း က ဆိုသည်။
အဆိုပါဘီယာကို စူပါမားကက်များ၊ ဈေးဝယ်စင်တာများတွင် တစ်ဘူးလျှင် ကျပ်ငွေ ၆၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် ယနေ့ထိ ပြည်ပမှ အရက်၊ ဘီယာများကို တရားဝင်လိုင်စင် ထုတ်ပေးထားခြင်း မရှိကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး တစ်ဦးက ရှင်းပြသည်။
အရက်၊ ဘီယာများအပါအ၀င် အစားသောက် အဖျော်ယမကာများ တင်သွင်းပါက (FDA)အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုအဖွဲ့ ထောက်ခံချက်ပါမှ လိုင်စင်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ရှော့ပင်းမောတွေ ဈေးဝယ်စင်တာတွေလည်း ဒီတရားမ၀င်ကုန်စည်နဲ့ ပတ်သက်ပြီး စစ်သင့်တယ်။ ဒီဆိုင်ကြီးတွေမှာဆို ဘီယာ၊ အရက်တွေ ပေါ်တင်ပဲရောင်းနေတာ” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အရက်ဘီယာနှင့် ၀ိုင်အမျိုးမျိုးကို ပြည်ပမှ တင်သွင်းပါက တရားဝင်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁၁၆/၂၀၁၂ တွင် ထုတ်ပြန် ထားသည်။
“အရက်၊ ဘီယာအပါအ၀င်အချို့ပစ္စည်းတွေ လိုင်စင်ပေးဖို့တော့ ဆွေးနွေးနေတယ်” ဟု ဦးသိန်းဝင်းက ဆိုသည်။
တရားမ၀င်ကုန်သွယ်ရေးအား ပိုမိုတားဆီးနိုင်ရန်အတွက် ပင်လယ်ရေကြောင်းမှ စက်သုံးဆီများ တရားမ၀င် ကုန်သွယ်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် လေကြောင်းနှင့် ပင်လယ်ရေကြောင်း များမှ တရားမ၀င် ကုန်သွယ်မှုများအား ရွှေ့လျားစစ်ဆေးရေးအဖွဲ့က တိုးချဲ့စစ်ဆေးအရေးယူသွားတော့မည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခုအပတ်အတွင်း က ပြောကြားသွားသည်။
လက်ရှိ မြ၀တီကုန်သွယ်ရေးတွင် မှောင်ခိုတားဆီးရေး ဆောင်ရွက်ပြီးနောက် ၂၀၁၂ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃၉ သန်းကျော် ရရှိသည်။ ယင်းပမာဏမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာသန်း ၂၀ ၀န်းကျင် မြင့်တက်လာကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှညွှန်မှူးများက ဆိုသည်။

7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ - ၂၀
အတွဲ (၁၁)၊ အမှတ်(၄၆)

No comments:

Post a Comment