20 December, 2012

ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံသား ဘယ်သူတွေလဲ ...


 ကမ္ဘာ့အချမ်းသာဆုံး ကာတာနိုင်ငံက လူတွေက ကမ္ဘာ့အပျော်ရွင်ဆုံး လူသားတွေ မဟုတ်သလို ကမ္ဘာ့အကျန်းမာဆုံး အသက်အရှည်ဆုံး ဂျပန်လူမျိုးတွေလည်း မဟုတ်ကြပါဘူး။ အဲဒီလိုပဲ ပညာတတ်အများဆုံးရှိတဲ့ ကနေဒါနိုင်ငံသားတွေလည်...း မဟုတ်ပါဘူးတဲ့။ ကမ္ဘာ့လူဦးရေ တသိန်းခွဲကိုမေးမြန်းပြီး ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အဖြေကတော့ အများစုက လက်တင်အမေရိကနိုင်ငံသားတွေပါတဲ့။
ဂွါတေမာလာနိုင်ငံဆိုရင် ၁၀ စုနှစ်နဲ့ ချည်နေခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ချွတ်ခြုံကျခဲ့ရသလို ရာဇ၀တ်မှုတွေထူပြောပြီး လူသတ်မှုနှုံး အမြင့်ဆုံးနိုင်ငံ ထဲ ပါနေတာပါ။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအညွှန်းရဲ့ လူ့သက်တန်း၊ ပညာရေး၊ ၀င်ငွေအားလုံးပေါင်း အရလည်း အီရတ်နိုင်ငံအထက် ကပ်ရက်မှာသာ ရှိနေတာပါ။ ဒါပေမဲ့ ဂွါတေမာလာနိုင်ငံသားတွေဟာ ဖော်ရွေခင်မင်တတ်ပြီး အမြဲလိုပြုံးရွှင်နေတယ်လို့ ဆိုပါတယ်။ ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ နိုင်ငံကိုဝန်းရံထားတဲ့ သဘာဝအလှတွေက အဲဒီပြဿနာတွေကနေ ဆွဲထုတ်ပစ်နိုင်တယ်လို့ ဂွါတေမာလာနိုင်ငံသား တဦးက ပြောပါတယ်။
သုတေသနလုပ်ခဲ့တဲ့ ဂါလပ် အဖွဲ့က နိုင်ငံပေါင်း ၁၈၄ နိုင်ငံက လူပေါင်း ၁၀၀၀ စီကို မေးမြန်းခဲ့ရာမှာ- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ
- သင်တို့ ကောင်းကောင်း အနားယူခဲ့ရသလား၊
- လေးလေးစားစား ဆက်ဆံခံခဲ့ရသလား၊
- အများကြီး ရီနိုင်ပြုံးနိုင်ခဲ့သလား၊
- စိတ်ဝင်စားစရာတခုခုကို သင်ယူခဲ့- လုပ်ဖြစ်ခဲ့သလား၊
- ပျော်ရွှင်ခဲ့သလား။ ဆိုတဲ့ မေးခွန်းတွေကို မေးခဲ့တာပါ။
အဲဒီအခါမှာ ပနားမားနဲ့ ပါရာဂွေးနိုင်ငံက ၈၅ %က အပျော်ရွှင်ဆုံး စာရင်းရဲ့ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကလိုက်တဲ့ နိုင်ငံတွေကတော့ အယ်ဆာဗားဒိုး၊ ဗင်နီဇွဲလား၊ ထရီနီဒက် နဲ့ တိုဘာဂို၊ ထိုင်းနိုင်ငံ၊ ဂွါတေမာလာ၊ ဖိလစ်ပိုင်၊ အီဂွာဒိုးနဲ့ ကော်စတာရီကာတို့ ဖြစ်ပါတယ်။ အဲဒီတော့ အာရှမှာ ထိုင်းနဲ့ ဖိလစ်ပိုင်က လူတွေက အပျော်ရွှင်ဆုံးလို့ ဆိုရမှာပေါ့။ စင်ကာပူသားတွေက အနဲဆုံးတော့ စိတ်ကျေနပ်မှုရှိကြပါတယ်။ သူတို့က တခြား တိုးတက်တဲ့ စက်မှုနိုင်ငံတွေနဲ့ ယှဉ်ရင် စိတ်အချမ်းသာဆုံး လို့ ပြောပါတယ်။
တခြားချမ်းသာတဲ့နိုင်ငံက သူတွေဟာ ကမ္ဘာ့အဆင်းရဆုံး နိုင်ငံကသူတွေနဲ့ စိတ်ချမ်းသာမှုအရာမှာ မကွာလှတာကို တွေ့ရပါတယ်။ ဂျာမဏီနဲ့ ပြင်သစ်ဆိုရင် သူတို့ရဲ့ ဘ၀ကို ကျေနပ်မှုအဆင့်ဟာ အဆင်းရဲဆုံး ဖြစ်တဲ့ အာဖရိက ဆိုမာလီနိုင်ငံနဲ့ အဆင့်တူ နံပါတ် ၄၇ မှာ ရှိနေပါတယ်။
နိုင်ငံတနိုင်ငံက အစိုးရရဲ့ အောင်မြင်မှုကို ထုံးစံအရဆိုရင် လူ့သက်တန်း၊ တဦးချင်းဝင်ငွေ၊ ပညာတတ်အရေအတွက်နဲ့ တိုင်းတာလေ့ရှိပေမဲ့ အခုအခါ တိုင်းပြည်ကလူတွေရဲ့ စိတ်ချမ်းသာမှုကို ဘယ်လောက်အထိ
ဆောင်ကျဉ်းပေးနိုင်သလဲဆိုပြီး တိုင်းတာချက်ကတော့ နည်းသစ်တခုပါ။
ဘူတန်နိုင်ငံကဆိုရင် သူတို့နိုင်ငံရဲ့ မူဝါဒကို နိုင်ငံတော် ပျော်ရွှင်မှု အပေါ် ဆောင်ကျဉ်းပေးနိုင်မှုနဲ့ တိုင်းတာတယ်လို့ ဆိုပါတယ်။ 
ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ်ကာမရွန်းက ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံသား ၂ သိန်း လောက် ကို စာပို့ပြီး ဒီကနေ့ သင်တို့ရဲ့ ဘ၀အပေါ် ဘယ်လောက် ကျေနပ် အားရမှုရှိသလဲ- လို့ မေးမြန်း လေ့လာခဲ့ဖူးပါတယ်။
ဒါပေမဲ့ တချို့ပညာရှင်တွေက အစိုးရက လူတွေ စိတ်ချမ်းသာတာ မသာတာ အပေါ် အခြေခံပြီး သူတို့ရဲ့ အောင်မြင်မှုကို တိုင်းတာမယ်ဆိုရင် နိုင်ငံက အရေးကြီးတဲ့ ပြဿနာတွေကို မဖြေရှင်းတော့ဘဲ နေမှာကို စိုးရိမ်တာတွေလည်း ရှိပါတယ်။
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယဉ်ကျေးမှုကလည်း ဘယ်လို အခြေအနေ မျိုးအောက်မှာပဲ ဖြစ်ဖြစ် ပျော်အောင်နေဖို့ စိတ်ထားတတ်ဖို့ ကြိုးစားကြတာက အကြောင်းရင်းကြီးတခု ဖြစ်နေတယ်လို့ ယူဆရပါတယ်။ အလားတူပဲ ဘာမဆိုမကျေမနပ်ဖြစ်တတ်တဲ့ ဘ၀မှာ စိတ်ချမ်းသာ ပျော်ရွှင်မှုထက်ကို ငွေကြေးဥစ္စာ ရာထူးရာခံကို နောက်ကို တစိုက်မတ်မတ် လိုက်တတ်တဲ့ ယဉ်ကျေးမှုအမြစ်တွယ်လာတဲ့ လူ့အဖွဲ့အစည်းမှာ စိတ်ချမ်းသာ စိတ်ကျေနပ်မှုနဲပါးနေမှာ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။
အမြဲပြုံးရွှင်နေတတ်တဲ့၊ သဘာဝအလှတွေ ၀န်းရံနေသေးတဲ့၊ ပျော်တတ်ရွှင်တတ်တဲ့ မြန်မာနိုင်ငံသားတွေလည်း လူလူချင်း လေးလေးစားစား ဆက်ဆံခံရတဲ့တနေ့၊ ဘ၀အတွက် မျှော်လင့်ချက်တွေ ရှိလာတဲ့တနေ့၊ အဲဒီတနေ့မှာ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံက လူသားတွေ ဖြစ်နိုင်ကောင်းရဲ့လို့ မျှော်လင့်လိုက်ရပါတယ်။
Gallup Inc. ထုတ်ပြန်ချက်ကို ကိုးကားပြီး Burma-Newselite က ဖြည့်ဆွက် တင်ပြပါသည်။

Copy from - Burma-Newselite

No comments:

Post a Comment