30 September, 2012

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၈ ကျောင်း၊ သိမ် ၂ ဆောင်နှင့် နေအိမ် ၂၀ ခန့်မီးရှို့ဖျက်ဆီးခံရ ..


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး)နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ သမုတ်သိမ် ၂ ဆောင်နှင့် အိမ်ခြေ ၂၀ ခန့်အား ဘင်္ဂလီများက ယနေ့မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီများထံ မီးရှို့ဖျက်ဆီးခံရသော နေအိမ်အများအပြားမှာ ဘာရာဝါ (မာရာမာကြီး) အိမ်များဖြစ်ကြောင်းနှင့် ညဥ့် ၁၂ နာရီကျော်တွင် စတင် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပန်းဝါမြို့နှင့် နယ်မြေတွင် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိသည့်အနက် ၅ ကျောင်းကို မီးရှို့ခြင်းဖြစ်ပြီး ကျန် ၃ ကျောင်းကို ဖျက်ဆီးခြင်းဖြစ်ကာ သမုတ်သိမ်ဖြူနှင့် သိမ်နီ ၂ ခုအား မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

"အားလုံးက ဘုန်းကြီးကျောင်း ၉ ကျောင်းပါ၊ ၈ ကျောင်းဖျက်ဆီးခံရပါတယ်၊ ပြာပုံဖြစ်သွားတဲ့ ကျောင်းတွေတွေ့ရပါတယ်၊ မကြည့်ရဲပါဘူး၊ မျက်ရည်ထိမ်းသိမ်း မနိုင်အောင်ကို ခံစားရပါတယ်၊ အောက်သားဖက်ကျောင်း၊ မြောင်းနားဖက်၊ ရွာကြီးဖက်၊ ကျောင်းနားရွာ၊ ထုံးသည်ရွာ (လက်ပံ)ကျောင်း၊ စေတီရင်း၊ ရာမာဂူးနားကျောင်း၊ တောင်ချေရွာမှာ ၂ ကျောင်း၊ နောက်ပြီး လျောင်းတော်မူဘုရားကိုပါ ဖျက်စီးပြီး ဘုရားရုပ်ထုတော်တွေကိုပါ လည်ဖြတ်သွားခဲ့ပါတယ်၊ ဖြေရှင်းဖို့က အခုအမတ် တယောက် ရှေ့ရောက်နေပါပြီ။"ဟု ပန်းဝါမြို့မှ ကျောင်းတကာမ ဒေါ် ဦးရှင်မေ က ပြောသည်။

ယင်းအကြမ်းဖက် ဘင်္ဂလီများက ညဥ့် ၁၁ နာရီကျော်တွင် ဆန္ဒပြကြပြီး ၁၂ နာရီကျော်တွင် စတင်မီးရှို့အကြမ်းဖက်ကာ နံနက် ၂ နာရီခန့်တွင် လူစုခွဲလိုက်ကြကြောင်း ပန်းဝါမြို့မှ ဒေသခံ မျက်မြင်များက ရှင်းပြသည်။

ပန်းဝါမြို့မှာ လွန်ခဲ့သောနှစ် ၂၀၀ ကျော်ခန့်က စတင်ကာ ကနဦးစက ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ရခိုင်လူမျိုးများ တည်ထားခဲ့သော ဘင်္ဂလီ-မြန်မာ သမိုင်းပညာရှင်များ၏ သမိုင်းဝင် နာမည်ကျော် မြို့တမြို့ဖြစ်ပြီး ယခုအခါ မာရာမာကြီး၊ ဟိန္ဒူနှင့် ဘင်္ဂလီလူမျိုးများ အများအပြား နေထိုင်လျက် ရှိနေကာ ရခိုင်များမှာ ပျောက်လုစဖြစ်နေသော မြို့တမြို့ဖြစ်သည်။

အကြမ်းဖက် သမားများထံ မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်တော်များမှာ မာရာမာကြီး ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်သောကျောင်းများ အများအပြားပါဝင်ပြီး ဖျက်ဆီးခံရသော ကျောင်းများတွင် ရခိုင်ဘုန်းတော်ကြီးများ သီတင်းသုံး နေထိုင်သည့် ကျောင်းများ ဖြစ်ကြသည်။ သို့သော်လည်း ကျောင်းအားလုံးမှာ ရခိုင်များတည်ထားကိုးကွယ်သော ကျောင်းများဖြစ်ကြကြောင်း သမိုင်း အထောက်အထားများက ဆိုသည်။

ယင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ရှုံးဆုံးမှုတန်ဖိုး၊ လူအသေအပျောက်နှင့် ဒဏ်ရာရရှိခဲ့သူများ စာရင်းကို အတည်ပြု မသိရှိရသေးပေ။

နောက်ဆုံးရ သတင်းများက ကော့စ်ဘဇားမြို့နှင့် ယင်းခရိုင်အတွင်းရှိ ဘင်္ဂလီဒုက္ခသည်များ နေထိုင်သော အိုခီးယားမြို့နယ်၊ တာခ်နာမြို့နယ်၊ ဘိုင်ဆရီနယ်မြေနှင့် တချို့နယ်မြေများအတွင်း ယင်းကဲ့သို့ ဆူပူမှုများ ဖြစ်ပေါ်လာနိုင်သေးသောကြောင့် ဒေသခံအများအပြားက စိုးရိမ်နေ ကြကြောင်း သိရှိရသည်။

____________________________________
Reference and Credit to -အာရကန်သတင်းဌာန

No comments:

Post a Comment