28 August, 2012

ဆင် နှင့် ဖျံ လဲလှယ်မည် ...


မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။

အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန် ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန် အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။

“ဒီပင်လယ်ဖျံတွေကို အရင် သစ်တောဦးစီးဌာနလက်အောက်မှာ ရှိစဉ်ကတည်းက လဲလှယ်ဖို့စီစဉ် ထားတာပါ။ ပင်လယ်ဖျံ ပြသဖို့ ကိုလည်း နည်းစနစ်ပိုင်းတွေကိုအကုန် ပြင်ဆင်ထားပြီးသားပါ။ 

သူတို့ကို ဘောလုံးပစ်ပြီး ကစားတာတို့၊ ရေပေါ်မှာ ကျွမ်းထိုးတာတို့ စတဲ့ ပြကွက်တွေကို ဟိုမှာလေ့ကျင့်ထားပြီးသား ဖြစ်ပေမယ့် ဒီကိုရွှေ့ပြောင်းလာပြီဆိုရင် ဒီကနေရာ အနေအထားအရ နည်းနည်းတော့ ပြန်လေ့ကျင့်ပေးရမယ်။ သူတို့ကိုစောင့်ရှောက်မယ့် ဆရာဝန်တွေကိုလည်း တရုတ်ပြည်ကိုလွှတ်ပြီး အနီးကပ်လေ့လာမှုတွေ လုပ်ထားပါတယ်” ဟု ထူး(Zoo & Gardens Business Unit) မှ အမူဆောင် ဒါရိုက်တာဦးဝေမျိုးအောင်က ပြောပါသည်။

အဆိုပါ ပင်လယ်ဖျံသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ရောက်ရှိလာသော မျိုးစိတ်သစ် ဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် စတင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ ဆင်ရှစ်ကောင်၊ ကျား ၁၁ ကောင်၊ ခြင်္သေ့ သုံးကောင်၊ ကျားသစ် တစ်ကောင်၊ သစ်ကုလားအုတ် တစ်ကောင် တစ်ကောင်၊ ချင်ပန်ဇီမျောက်ဝံ တစ်ကောင်၊ ဟိမ၀န္တာဝက်ဝံ အကောင် ၂၀ စသဖြင့် နို့တိုက်သတ္တ၀ါမျိုးစိတ်ပေါင်း ၄၆ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၆၈ မျိုး၊ လိပ်ခုနစ်မျိုး၊ မိချောင်း ၁၀ မျိုးနှင့် မြွေမျိုး ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ ရန်ကုန် တိရစ္ဆာန်ရုံမှာ အကောင်သစ်ဝယ်ဖို့ မရှိသေးပါဘူး။ လက်ရှိမြေနေရာ အနေအထားနဲ့ တိရစ္ဆာန်တွေကလည်း လုံလောက်မှု ရှိတယ်လို့ ထင်ပါတယ်။ 

အခုလာမယ့်ပွင့်လင်းရာသီမှာတော့ အာဖရိကမျိုး ကျားဖြူ တစ်ကောင်နှင့် သစ်ကုလားအုတ်တို့ကို နေပြည်တော်ကနေ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကို ပြောင်းရွှေ့ပြသသွားဖို့ စီစဉ်နေပါတယ်။ 

အခုရာသီ မိုးရာသီဖြစ်တဲ့အတွက် အကောင်ပြောင်းရွှေ့ဖို့ အဆင်မပြေတဲ့ အတွက် လာမယ့် ပွင့်လင်းရာသီမှာပဲ အကောင် ပြောင်းရွှေ့မှုတွေ ပြုလုပ် သွားမှာပါ။ အခုလက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို အကောင်သစ်ထပ်ထည့်ဖို့ထက် အရင်ကအားနည်းချက်ဖြစ်တဲ့ သန့်ရှင်းရေးကို အဓိကအလေးထားလုပ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် နို့တိုက်သတ္တ၀ါ ၂၃၁ မျိုး၊ တွားသွားသတ္တ၀ါ ၇၀ မျိုး၊ ကျေး ငှက် ၂၉၁ မျိုး စုစုပေါင်းမျိုးစိတ် ၅၉၂ မျိုးခန့်ရှိပြီး ဆင် ၁၁ ကောင်၊ ခြင်္သေ့လေးကောင်၊ ခြင်္သေ့ဖြူခြောက် ကောင်၊ ကျားဝါ လေးကောင်၊ ကျား ဖြူနှစ်ကောင်၊ ကျားသစ် နှစ်ကောင်၊ ရေမြင်း လေးကောင်၊ ပင်ဂွင်း ၁၀ ကောင်၊ ပန်ဒါနီ လေးကောင်စသည်ဖြင့် စုစုပေါင်းပြကွက် ၁၈ ကွက်ကို ပြသထားကြောင်း သိရသည်။

နေပြည်တော် ဆာဖာရီ ဥယျာဉ်တွင်မူ ကျားဝါ ခြောက်ကောင်၊ ခြင်္သေ့ ရှစ်ကောင်၊ကြံ့ဖြူ ခြောက်ကောင်၊ ဆိတ်သမင် ရှစ်ကောင်၊ သစ်ကုလားအုတ် ခုနစ်ကောင်၊ မြင်းကျား ၁၂ ကောင်၊ ဘို့တစ်လုံးကုလားအုတ် ခြောက်ကောင်၊ သမင် ၂၂ ကောင်စသည်ဖြင့် နို့တိုက်သတ္တ၀ါ ၂၀၆ မျိုးရှိပြီး အာရှဇုန်သုံးခု၊ တြစတေးလျဇုန်တစ်ခု၊ အာဖရိကဇုန် ၁၀ ခုစသည်ဖြင့် ပြသထားကြောင်း သိရသည်။

ထူးကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၊ လှော်ကားဥယျာဉ် (ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ နက္ခတ်တာရာပြခန်း (နေပြည်တော်)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) စသည်တို့အား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment