17 February, 2013

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ခရမ်းလွန် ရောင်ခြည် မြင့်တက်..


မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများ ဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့၊ ထားဝယ်၊ ကော့သောင်း မြို့များတွင် လေထု အတွင်း ခရမ်းလွန် ရောင်ခြည် ပါဝင်မှု အညွှန်း ကိန်းများ မြင့်တက်လျက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ Myanmar Climate Change Watch ဝက်ဆိုဒ်တွင် ဖော်ပြ ထားသည်။

 
အပူချိန် မြင့်တက်သည့် နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အတွင်းတွင် နေပြည်တော် နှင့် အနီး တစ်ဝိုက်တွင် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းမှာ ၈ ဒသမ ၂ မှ ၉ ဒသမ ၆ အထိ၊ ရန်ကုန်မြို့တော် နှင့် အနီး တစ်ဝိုက်တွင် ၈ ဒသမ ၂ မှ ၁၀ ဒသမ ၄ အထိ ၊ မန္တလေး မြို့နှင့် အနီး တစ်ဝိုက်တွင် ၈ ဒသမ ၉ မှ ၉ ဒသမ ၁ အထိ၊ ကော့သောင်း မြို့တွင် ၁၂ ဒသမ ၄ မှ ၁၂ ဒသမ ၆ အထိ အသီးသီး မြင့်တက်လျှက် ရှိကြောင်း၊ အဆိုပါ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၈ မှ ၁၀ သည် အန္တရာယ် ရှိနိုင်မှု အလွန် မြင့်မားပြီး အညွှန်းကိန်း ၁၁ နှင့် အထက် တွင် အန္တရာယ် ရှိနိုင်မှု အလွန့် အလွန် မြင့်မားသော အခြေအနေ ဖြစ်ကြောင်း၊ အဆိုပါ ဝက်ဆိုဒ်တွင် ဖော်ပြချက် အရ သိရသည်။
“ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ပျက်စီး နိုင်တယ်၊ မျက်စိ ဆိုရင် တိမ်စွဲ နိုင်ပြီး၊ အဆိုးဆုံးက အရေပြား ကင်ဆာ ဖြစ်နိုင်တယ်။ လတ်တလော နေလောင်တာ၊ အဖုအပိန့် ထွက်တာ ဖြစ်နိုင်ပြီး ကြာရင် နှင်းခူ ဖြစ်နိုင်တယ်” ဟု အရေပြား အထူးကု ဒေါက်တာ ကျော်ကျော် ကပြောကြားသည်။
ယင်းရောင်ခြည်ကြောင့် နေလောင်ခြင်း၊ မျက်စိ ထိခိုက်ခြင်း၊ အရေပြား ကင်ဆာ ဖြစ်နိုင်ခြင်း အထိ ထိခိုက် နိုင်ကြောင်း လူထု ကျန်းမာရေး အဖွဲ့အစည်း (Public Health Organizations) က ထုတ်ပြန် ထားသည်။


The Voice Weekly

No comments:

Post a Comment