06 March, 2013

"ပြည်ပထွက်ခွာခွင့် D-Form စနစ် ဧပြီတွင် ဖျက်ပြီ" ..


၆၄ နှစ်ကျော်ကြာ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ် ရခြင်းကို ဧပြီလတွင် ပယ်ဖျက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။


အစိုးရစရိတ်ဖြင့် ပြည်ပထွက်ခွာသူမှလွဲ၍ မည်သည့် ခရီးသည်မဆို မှတ်ပုံတင် အရာရှိထံ စာဖြင့် ပုံစံ(က)(D-Form) ကိုရယူ၍ ပြည်ပသို့ ထွက်ခွာရမည်ဟု ၁၉၄၈ ခု နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆ ကို ပယ်ဖျက်ခြင်း ဖြစ်သည်။ " (D-Form) လုပ်ရတာက ဘဏ်မှာ ချလံသွားသွင်း ရုံနဲ့တင် မပြီးသေးဘူး။
အင်တာနက်ကလည်း ဖောင်ဖြည့်ရသေးတယ်။ တစ်ခါတလေ ကော်နက်ရှင် မကောင်းရင် တော်တော် ဒုက္ခရောက်တာ။ ခုလို ဖြေလျှော့ ပေးလိုက်တော့ အရမ်း ကောင်းသွားပြီပေါ့''ဟုပြည်ပ ခရီးသွားတစ်ဦးက ပြောသည်။
ပြည်ပ ထွက်ခွာကြမည့်သူများအပေါ် အစိုးရအဖွဲ့၏ ဖြေလျှော့မှု တစ်ခုဖြစ် သည်ဟု ဝန်ကြီးက ဆိုသည် ။
''တိုင်းရင်းသား လုပ်သားပြည်သူတွေ အလုပ်ရှုပ် သက်သာသွား တာပေါ့ဗျာ။ မဟုတ်ရင် ပြည်ပ သွားတိုင်း (D-Form) ကို လုပ်နေရ တယ်။ အခုတော့ ဒါတွေလုပ်စရာ မလိုတော့ဘူး။အစိုးရသစ်ရဲ့ မူဝါဒ ဖြစ်တဲ့People Centre ကို ဝိုင်း အကောင်အထည် ဖော်သွားကြမှာပါ''ဟု ဝန်ကြီးဌာန တာဝန်ရှိသူက လည်း ပြောသည်။
ဧပြီလတွင်(DForm)စနစ်ပယ်ဖျက်ရာတွင် မြန်မာပြည်ရောက် နိုင်ငံခြားသားများပါ ပြည်ပသို့ ပြန်လည် ထွက်ခွာပါက (D-Form) ရယူစရာ လိုတော့မည် မဟုတ်ဟု သိရသည်။ ယခင်က ရောက်ရှိသည့် ကာလ တစ်လအတွင်းမှ လွဲလျှင် တစ်လကျော်ပါက (D-Form) ကို ရယူပြီးမှသာ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့ သည်။
ပုံစံ(က) (D-Form) ပြုလုပ်ရာတွင် အစိုးရဘဏ်သို့ ငွေကျပ် ၂ဝဝ သာ ထွက်ခွာသူက ပေးသွင်း ရသော်လည်း ပြင်ပတွင် အွန်လိုင်း ဝန်ဆောင်မှုကြောင့် ဆောင်ရွက်ပေးသူကို ငွေကျပ် ၁ဝဝဝ၊ ၁၅ဝဝ အထိ ပြည်ပ ထွက်ခွာမည့်သူက ပေးဆောင် ခဲ့ရသည်။ နိုင်ငံခြားသားများ မှတ်ပုံတင် နည်းဥပဒေပုဒ်မ ၁၅/၆မှာ ၁၉၄၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့ပြီး ပြည်ပသို့ ပုံစံ(က) (D-Form)ရယူ၍ ထွက်ခွာသည့် စနစ်ကို ၁၉၅၈ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့တွင် စတင် ကျင့်သုံးခဲ့သည်။

 Popular Myanmar

No comments:

Post a Comment