02 March, 2013
မြန်မာနိုင်ငံသားမို့  ရုပ်အလောင်း မလို-အရှင်လတ်လတ် ပေးပို့ ရန် ...
တရုပ်နိုင်ငံကူမင်းပြည်နယ် လူထုတရားရုံးတခုက မြန်မာနိုင်ငံသား
စိုင်းနော်ခမ်းကို အပေါင်းပါ-၃-ဦးနဲ့ အတူ မတ်လ-၁-ရက်နေ့ မှာ
ဆေးထိုးသတ်မည်ဖြစ်သည် ။ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို
မြန်မာစစ်ကောင်စစ်ဝန်ရုံးသို့  ပေးပို့ မည်ဟု သတင်းများမှာ
ဖေါ်ပြနေကြပါပြီ ။ ဤအချက်နှစ်ချက်ကို မြန်မာနိုင်ငံသားဖြစ်သော
ကျွန်တော်သည် လက်မခံ။ သို့ အတူ မြန်မာနိုင်ငံသားတို့ အနေဖြင့်
လက်သင့်မခံသင့် ။ ထို့ ကြောင့်ကျွန်တော်တို့ သည် မြန်မာအစိုးရကို
မေတ္တာရပ်ခံရပေတော့မည်ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော်
မြန်မာနိုင်ငံသားတဦးကို ရာဇ၀တ်ပြစ်မှုအရ ဆေးထိုးသတ်ပြီး
အလောင်းကိုပြန်ပို့ မည်ဆိုခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေးကို
လုံးဝပျက်ပြားစေနိုင်သောအချက်ဖြစ်သည် ။ 
မည်သည့်နိုင်ငံမဆို သူ၏
နိုင်ငံသားတဦးကို အခြားနိုင်ငံတခုခုမှ ပြစ်မှုဆိုင်ရာ တွေ
့ရှိသည့်တိုင်အောင် သူ၏မိခင်နိုင်ငံသို့  ပြန်လည်ပေးပို့ ရသည် ။
သံခင်းတမန်ခင်းအရ ၄င်းပြသနာကို အကျဉ်းသားဖလှယ်ခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း
နှင့် အမည်ပျက်သတ်မှတ်ပြီး နိုင်ငံမှ နှင်ထုတ်ခြင်းစသည့်
အချက်အလက်များဖြင့် ဆောင်ရွက်ရသည် ။
    မြန်မာနိုင်ငံသည် မည်သည့်အကြိမ်ကမျှ အခြားနိုင်ငံသားတဦးဦးကို
သေဒဏ်ပေးခြင်း၊ ဆေးထိုးသတ်ခြင်းတို့ ကို ပြုလုပ်ခဲ့ ခြင်း မှတ်တမ်းမှတ်ရာ
မရှိခဲ့ ဟု ထင်သည် ။ အခြားသူများက လေ့လာတွေ့ ရှိသည်ဟု ဆိုလျှင်လည်း
ကျွန်တော့်အား အပြစ်တင် ပြောဆိုနိုင်သည် ။ ကျွန်တော်ကမူ
မှတ်တမ်းမှတ်ရာများကို မတွေ့ ဖူးသေးချေ ။ ၁၉၄၇-ခုနှစ်
ဗိုလ်ချုပ်အောင်ဆန်းတို့  လုပ်ကြံခံရစဉ်က ဂဋ္ဌုန်ဦးစောကို
လက်နက်ထုတ်ပေးသူများ ရှိသည် ။ လုပ်ကြံရန် လက်ထောက်ချသူများ ရှိသည်ဟုသမိုင်းမှာ အတိအလင်း ရှိနေဆဲဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းကိုမည်သူသတ်သနည်း ဆိုသည်မှာ ဂဋ္ဌုန်ဦးစောကိုချည်း လက်ညိုးထိုး၍ မပြည့်စုံဟု
ထင်သည် ။ အကယ်၍ ဗြိတိသျှအစိုးရကသာ တိကျစွာ ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသူများမှာ အင်္ဂလိပ်အစိုးရကလည်း ကြံရာပါ ပူးပေါင်းပါဝင်သည်ဟုဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း ။ ဂဋ္ဌုန်ဦးစောတို့ ကို ကြိုးဒဏ်ပေးရာ၌မျက်နှာဖြူ အင်္ဂလိပ်အရာရှိတို့  ပါဝင်ပေလိမ့်မည်ဖြစ်သည် ။ သို့ သော်၎င်းအချိန်က ဗြိတိသျှအစိုးရသည် ဂဋ္ဌုန်ဦးစောတို့ အဖွဲ့ ကိုသာကြိုးဒဏ်ပေးခဲကြသည် ။ အင်္ဂလိပ်လူမျိုး တဦးတလေမျှ မပါဝင်ခဲ့ ။
    မြန်မာနိုင်ငံတွင် နိုင်ငံခြားသားကို ကြိုးဒဏ်ပေးခြင်း မရှိသော
အခြားထူးခြားသော အချက်အလက်တခုမှာ တော်လှန်ရေးကောင်စီအစိုးရ၏
ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိလာသော တောင်ကိုးရီးယားသမ္မတအပါအ၀င် အဖွဲ့ ဝင်များကို မြောက်ကိုးရီးယား နိုင်ငံမှ ကွန်မွန်ဒိုစစ်ဗိုလ်များက လုပ်ကြံခြင်းဖြစ်သည် ။ လုပ်ကြံသောနေရာကားအာဇါနည်ကုန်းဖြစ်သည် ။ အာဇါနည်ခေါင်းဆောင်ကြီးများတို့ ၏ အုဋ္ဌ်ဂူများ
-အမိုးများ-ဥပစာနေရာများသည် ဗုံးခွဲ လုပ်ကြံသောကြောင့်
အားလုံးပျက်စီးသွားခဲ့ ရသည် ။ မြောက်ကိုးရီးယားမှ လုပ်ကြံသော
စစ်ဗိုလ်များသည် ဖမ်းဆီးခံထိသော်လည်း သေဒဏ်အဖြစ် ပြစ်ဒဏ်ကို မခံစားရခဲ့ ။ အင်းစိန်အကျဉ်းထောင်မှာ တသက်တကျွန်း ကျခံခဲ့ ရသည် ။
တော်လှန်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီးနေ၀င်းသည် မြောက်ကိုးရီးယားမှ
ပြစ်မှူကျူးလွန်သူများကို မည်သို့ မျှ ဆေးထိုးမသတ်ခဲ့ ။ ကောင်းမွန်စွာ
ထောင်ထဲမှာ ကျွေးမွေးထားပေးခဲ့ သည် ။
     မြန်မာနိုင်ငံသား စိုင်းနော်ခမ်းသည် ခွန်ဆာကဲ့ သို့ ၎င်း
-လော်စစ်ဟန်ကဲ့ သို့ သော၎င်း ပြစ်မှုများ ကြီးမားသူမဟုတ် ။ သူတို့ ကို
အမေရိကပြည်ထောင်စုအစိုးရမှပင် မူးယစ်ရာဇါများအဖြစ် ဒေါ်လာသန်းနှင့်ချီကာအလိုရှိသူများအဖြစ် ကြော်ငြာခဲ့ ရသေးသည် ။ သို့ သော် သူတို့ မှာ -၁၉၈၈-ခုနှစ်အလွန် စစ်အစိုးရ၏ မစမှုကြောင့် မြန်မာနိုင်ငံ၌ အလှူရှင်ဒါယာကာနာမည်ကောင်းရရှိခဲ့ သော တကယ့်ခရိုနီများ ဖြစ်သည် ။မည်သည့်ပြစ်ဒဏ်ကိုမျှ
အမေရိကရော ထိုင်းနိုင်ငံရော တရုပ်နိုင်ငံကရော ပေးလိုသည်ဟု အတွန့် မတက်ခဲကြ။ ယခုစိုင်းနော်ခမ်းသည် ၄င်းတို့ နှင့်စာလျှင် အလွန်တရာမှ
သေးငယ်လွန်းလှသော မူးယစ်ရာဇါလေးသာဖြစ်သည် ။
    စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံသားတဦး၏
အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိသည်ဟု ကျွန်တော်ထင်သည် ။
ပြည်ပနိုင်ငံတွင် ဆေးထိုးသတ်ခြင်းခံရမည့် စိုင်းနော်ခမ်းအား
မြန်မာအစိုးရသည် မိမိနိုင်ငံသားတဦးအပေါ် ကာကွယ်စောင့်ရှောက်ပေးသင့်သည် ။
ဒုတိယအချက်အနေဖြင့် မဲခေါင်မြစ်တွင်းတွင် တရုပ်နိုင်ငံသား
သဘောင်္သား-၁၃-ဦးကို သတ်ဖြတ်ခြင်း၌ ပါဝင်သည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခြင်းမှာတရားဥပဒေအရ သူ့ မှာ ပြစ်ဒဏ်ခံစားရသည်မှာ လွန်လွန်းလှသည် ။ ၄င်းအမှုမှာသူကိုယ်တိုင်ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားသူများသာ ကျူးလွန်ခြင်းဖြစ်သည် ။
အကယ်၍ မူးယစ်ရာဇါတဦးအဖြစ် ပြစ်ဒဏ်များကို ကျခံစေသည်ဟု ဆိုသော်လည်းယခုလို လူမဆန်သော ရက်စက်မှုဖြင့် သွေးအေးအေးနှင့် ပြစ်ဒဏ်မျိုးမစီရင်သင့်ဟု မြင်သည် ။
     မြန်မာအစိုးရသည် တရုပ်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို မဝေဖန်ရဲဟု
ဆိုသော်လည်း မိမိတို့  နိုင်ငံသားတဦးအတွက် တောင်းဆိုရန်
ရှမ်းလူမျိုးဖြစ်သော မြန်မာနိုင်ငံသား တဦးဖြစ်သူ စိုင်းနော်ခမ်းကို
မြန်မာအစိုးရသည် လွယ်လင့်တကူ ဆေးထိုးသတ်ရန် လက်လွပ်စပယ် မနေသင့် ။
ဥပေက္ခာမပြုသင့်ဟု ကျွန်တော်မြင်သည် ။ တရုပ်နိုင်ငံမှ မြန်မာနိုင်ငံသား
ရှမ်းလူမျိုး စိုင်းနော်ခမ်းကို ဆေးထိုးသတ်ပြီး အလောင်းကို
မြန်မာနိုင်ငံသို့ ပြန်ပို့ မည်ဆိုခြင်းမှာ မြန်မာနိုင်ငံအား မလေးစားသော
သဘောကို သက်ရောက်စေခြင်းဖြစ်သည် ။ ထို့ ကြောင့် ကြွင်းကျန်ရစ်သော
ရုပ်အလောင်းကို မလိုဘဲ အရှင်လပ်လပ် မြန်မာနိုင်ငံအား ပြန်ပို့ ပေးရန်
မြန်မာအစိုးရက တောင်းဆိုရန်လိုသည် ။ မြန်မာနိုင်ငံသားဖြစ်၍
မြန်မာနိုင်ငံ၏ ဥပဒေအရသာ ကျခံပေးမည်ဆိုခြင်းဖြင့်
နှစ်နိုင်ငံချစ်ကြည်ရေးကို တည်ဆောက်သင့်သည်ဟု မြင်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment