07 March, 2013

မြင်းခြံတွင် စစ်သားတစုက လူငယ်တဦးကို ၀ိုင်းရိုက် ...


မန္တလေးတိုင်း၊ မြင်းခြံမြို့က စားသောက်ဆိုင်တခုမှာ မတ်လ ၅ ရက်ညက စစ်ဗိုလ်တဦးနဲ့ စစ်သား တစုက လူငယ် တဦးကို ၀ိုင်းရိုက် ခဲ့ကြပါတယ်။
မြင်းခြံမြို့က ကောင်းကောင်း စားသောက်ဆိုင်မှာ မင်္ဂလာဦးညစာ ၀ိုင်းဖွဲ့ စာေးသာက် နေကြတဲ့ လူငယ်တစုနဲ့ အဲ့ဒီဆိုင်မှာ လာရောက် စားသောက်နေတဲ့ တပ်မတော် အရာရှိ ၂ ဦးတို့ စကားများကြပြီး၊ မကြာခင်မှာ စစ်ဗိုလ် တဦးနဲ့ စစ်သားတစုတို့ ကားနဲ့ ရောက်လာပြီး ၀င်ရိုက်ကြပုံကို အခင်းဖြစ်တဲ့ နေရာမှာရှိနေတဲ့ လူငယ် တဦးက အခုလို ပြောပါတယ်။


“၁၀ နာရီခွဲ လောက်မှာဖြစ်တာ။ ၅ ယောက်က ၀ိုင်းချုပ်ပြီး ထိုးတယ်။ ဗိုလ်ကြီးဆိုသူက လာလာချင်း ခြေထောက်နဲ့ ကန်တာ။ စစ်တပ် ၀တ်စုံတွေနဲ့လာပြီး ရှေ့မှာလည်း ဘယ်သူမှ ၀င်လာလို့ မရအောင် အစောင့် ချထားတယ်။ အတွင်းမှာလည်း ၀ိုင်းဆော်ပြီးတော့ လူဆိုးဂိုဏ်းက လူဆိုးတွေ ပုံစံဆန်ဆန်နဲ့ မင်းတို့ မိုက်လား ဆိုပြီးမေးတဲ့ ပုံစံတွေပေါ့။ ကျနော်တို့ တကယ် ကြောက်ပါတယ်။ အခုမှ တကယ်ကြုံဖူးတာ။ ကျနော်တို့ ၀င်လဲ မဆွဲရဲ၊ ၀င်လဲ မတောင်းပန်ရဲ ဖြစ်တယ်။ ၅ ယောက်က ယူနီဖောင်းတွေနဲ့။ ဗိုလ်ကြီး တွေကတော့ ယူနီဖောင်းနဲ့ မဟုတ်ဘူး။ ဗိုလ်ကြီး ဇေယျာဖြိုး ဆိုတဲ့သူက ရောက်လာလာချင်း အင်္ကျီအဖြုနဲ့ ကောင်လေးကို စကန်လိုက်တာ ဆိုင်ကယ်ရော၊ လူရော လွင့်သွားတယ်။ မိုက်တယ်ဆိုတာ ငါတို့က ရှေ့တန်းမှာ ဘယ်လိုဘယ်ညာဆိုပြီး။ နှိပ်စက်တာပေါ့ဗျာ။ ကျနော်တို့လည်း သူငယ်ချင်းကို ၀ိုင်း မဆွဲရဲဘူး ဒီတိုင်း ထိုင်ကြည့်နေရတယ်။ ပုံစံထိုင် ထိုင်ခိုင်းပြီးတော့လေ။ ရာဇ၀တ်သား တယောက်လို။”
အရိုက်ခံရတဲ့ လူငယ် ကိုဇော်ထူးဟာ နှာခေါင်းသွေးထွက်ပြီး ဖူးယောင် ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပြောပါတယ်။
ကိုဇော်ထူးရဲ့ ဖခင်ဖြစ်သူ ဦးဇော်မြင့်က ရဲစခန်းမှာ ဒီနေ့အမှုဖွင့်ဖို့ လုပ်ခဲ့ပေမယ့် ၀ိုင်းရိုက်သူတွေ လာတောင်းပန်မယ် ဆိုတဲ့အတွက် အမှုမဖွင့်ဖြစ်သေးဘူးလို့ ပြောပါတယ်။
“စခန်းတွေ ဘာတွေသွားပြီး အမှုဖွင့်မလို့ သွားတယ်။ ဒီနေ့ ညနေ ၅ နာရီလောက်မှာ ဒဏ်ရာ ရအောင်လုပ်တဲ့လူတွေ အဖွဲ့လိုက်၊ ဗိုလ်မှူးတွေရော ဘာရော ၆-၇ ယောက်လောက် အိမ်လာပြီး ကျေနပ်အောင် တောင်းပန်မယ်ဆိုတော့ ကျနော်လည်း ဗုဒ္ဓဘာသာ လူမျိုးတယောက်အနေနဲ့ နည်းနည်း ခွင့်လွှတ်လိုက်တယ်။ အမှုကို ဖွင့်လည်း မဖွင့်ခဲ့ဘူး ပိတ်လည်း မပိတ်ခဲ့သေးဘူး။ ညနေပြောတဲ့အတိုင်း မလာရင်တော့ ၀တ္တရားရှိတဲ့အတိုင်း ဒါဟာ ဥပဒေမဲ့လုပ်တာဖြစ်လို့ အမှုဖွင့်ရမယ်။”
မြင်းခြံမြို့ ခမရ ၁၅ တပ်ကို ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ကြီး အောင်လတ်စိုးက ပြေလည်သွား ပါပြီလို့ ပြောပါတယ်။
“အဲကိစ္စက အားလုံးပြေလည်သွားပါပြီ။ မိသားစုတွေနဲ့လည်း ပြေလည် သွားပါပြီ။ ဖြစ်သွားတာကလည်း လူငယ်အချင်းချင်း ဖြစ်ကြတာဆိုတော့ မိသားစုချင်းချင်း ရှင်းလိုက်တာ ပြေလည်သွားပါပြီ။”
မြင်းခြံ ခမရ ၁၅ တပ်ဟာ အခုလိုမျိုး အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ လုပ်လေ့ရှိပြီး မြို့နယ် ရဲတပ်ဖွဲ့ဝင် တွေနဲ့လည်း ပဋိပက္ခ ဖြစ်ဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
- ဒီဗွီဘီ

No comments:

Post a Comment