04 March, 2013

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း..


ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။


CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။
" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"
ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။
မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
RFA

No comments:

Post a Comment