15 February, 2013

ရဲတပ်ဖွဲ့ဝင်များ လိုက်ပါ လာသော စက်လှေ တိုက်မိ (၃)ဦး ဒဏ်ရာရ၊ စခန်းမှူး ပျောက်ဆုံး …


တရားခံ ဖမ်းဆီးရာမှ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါ လာသော လှေနှင့် အခြား လှေတစ်စင်း တိုက်မိပြီး (၃) ဦး ဒဏ်ရာ ရကာ ဒုရဲအုပ် စခန်းမှူး တစ်ဦး ပျောက်ဆုံးနေသည့် လှေတိုက်မှု ဖြစ်စဉ် တစ်ခု မြိတ်ခရိုင် တနင်္သာရီ မြို့နယ် သမီးလှ အရှေ့ကျေးရွာ ရှိ မြစ်ထဲတွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည (၇)နာရီ (၃၀)ခန့် အချိန်တွင် ဖြစ်ပွားခဲ့သည်။

 
ဖြစ်စဉ်မှာ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် မောင်မောင်လွင်၊ တကူ ကျေးရွာ စခန်းမှူး ဒုရဲအုပ် သောင်းငွေ၊ တပ်ကြပ် သူရ၊ တပ်ကြပ် ထွန်းကြည်နှင့် သိန်းချောင်း ရာအိမ်မှူး တို့သည့် အမှုတရားခံ အေးပို (ဘ) ဦးမောင်ဝင်း နှင့် ဒေါ်ဆွေကြည် တို့အား တကူအုပ်စု ၀မ်းနာ ရွာမှ ဖမ်းဆီး ခေါ်ဆောင်၍ တနင်္သာရီမြို့သို့ မောင်းနှင် လာစဉ် သမီးလှ အရှေ့ရွာ အနီး အရောက် တစ်ဖက်မှ မောင်းနှင်လာသော စက်လှေ တစ်စီးနှင့် တိုက်မိပြီး လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ လှေတိုက်မိ တိမ်းမှောက် မှုကြောင့် တကူ စခန်းမှူး ဒုရဲအုပ် သောင်းငွေသည် ရေထဲ ပြုတ်ကျ ပျောက်ဆုံးနေပြီး (၁၄) ရက်နေ့ မနက်ပိုင်းအထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရှိရသည်။
လှေပေါ် လိုက်ပါလာသူများ အနက် တပ်ကြပ်သူရ ၊ တပ်ကြပ်ထွန်းကြည်နှင့် ဒေါ်ဆွေကြည် တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိပြီး တနင်္သာရီမြို့ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေကြောင်း သိရှိပြီး ကျန်ရှိသည့် သူများမှာ ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သတင်းရရှိပါသည်။
 မြိတ်ပုလဲမြေ

No comments:

Post a Comment