13 February, 2013

အကယ်ဒမီ ဦးမော့စ် အသည်းခြောက်ရောဂါ ဖြင့် ဆုံးပြီ …


တလောကပဲ အကယ်ဒမီ ရခဲ့တဲ့ ဦးမော့စ် တစ်ယောက် SSC ဆေးရုံမှာပဲ ဒီနေ့ မနက် ၄နာရီ မိနစ်၂၀ကပဲ ဆုံးသွားတယ်လို့ ဦးမော့စ် ရဲ့သားဖြစ်သူ ထိုက်စံ Facebook Wall တင်ထားတာ တွေ့လိုက်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် ဦးမော့စ်တစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေ။


 
ထာဝရအလင်းတန်းများ ရုပ်ရှင်ဇတ်ကားဖြင့် ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုရ ဟာသသရုပ်ဆောင်မော့စ်သည်
အသည်းခြောက်ရောဂါဖြင့် ရန်ကုန်မြို့ တော်ရှိSSC အထူးကုဆေးရုံ၌
ဖေဖော်ဝါရီလ ၁၃ရက် နံနက် လေးနာရီမိနစ်၂၀ခန့်ကကွယ်လွန်ခဲ့ကြောင်း ၄င်း၏သားဖြစ်သူ သရုပ်ဆောင် ထိုက်စံက The Voice Weekl
သို့ ပြောကြားသည်။
သဂြိုဟ်မည့်အစီစဉ်များကိုမူ စီစဉ်နေဆဲဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
မော့စ်သည်ကွယ်လွန်ချိန်တွင် အသက်၅၉နှစ်ရှိပြီဖြစ်ပြီး ဇနီးဒေါ်ယုယုမွန်နှင့်အတူသားသုံးဦးကျန်ရစ်ခဲ့သည်။

The Voice Weekly

ဟာသသရုပ်ဆောင် အကယ်ဒမီမော့စ် ကွယ်လွန်
ပီတာအောင် DVB ၁၃ ဖေဖော်ဝါရီ ၂၀၁၃
ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမော့စ် အမည်ရင်း ဦးတင်ဝင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်က ရန်ကုန်မြို့ SSC ဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ အနုပညာအသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးမော့စ်ရဲ့ သားဖြစ်သူ သရုပ်ဆောင် ထိုက်စံရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ် စာမျက်နှာမှာတော့ သူ့ရဲ့ဖခင်ဟာ ဒီနေ့ မနက် ၄ နာရီ မိနစ် ၂၀ က ကွယ်လွန်သွားတာလို့ ရေးသားထားပါတယ်။
လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ လူရွှင်တော် ဦးမိုးဒီကလည်း မော့စ်ကွယ်လွန်သွားတဲ့အကြောင်း အခုလို အတည်ပြုပြောပါတယ်။
“မနက်က ကျနော့်ဆီကို အစောကြီး သတင်းပို့ပါတယ်ခင်ဗျာ။ ဒီနေ့မနက် ၃ နာရီမှာ ဆေးရုံ တင်တယ်။ ၄ နာရီမှာဆုံးတယ်တဲ့၊ မမျှော်လင့်ထားတဲ့ သတင်းကြီးပေါ့ဗျာ။ ကြားကြားခြင်း ရင်ထဲတောင် ဆို့သွားတယ်။ စိတ်မကောင်းဘူး၊ ညီအစ်ကိုလို နှစ်ပေါင်းများစွာ နေလာခဲ့တာ။” လို့ ပြောပါတယ်။
ဦးမော့စ်ဟာ လွန်ခဲ့တဲ့နှစ် ၃၀ ခန့် ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဇာတ်သဘင်နဲ့ အငြိမ့်သဘင် လောကမှာ လူရွှင်တော်အဖြစ် ကျင်လည်ခဲ့ပြီး လူရွှင်တော် မိုးဒီနဲ့ အတူတွဲကပြခဲ့တဲ့ ဦးရွှေဗျိုင်းရဲ့ မင်္ဂလာဦးညပြဇာတ် ဗွီဒီယိုနဲ့ လူသိများခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဗွီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်တွေမှာ ဟာသ သရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ပြီး နာမည် ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။
အခုလို လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားတဲ့အပေါ် လူရွှင်တော် ဦးမိုးဒီက “သူကအနုပညာနဲ့ပတ်သက်လို့ အင်မတန်မာနကြီးတဲ့ကောင်ဗျ။ သူ့အလုပ်ကို သူအရမ်းကြိုးစားတယ်။ သူအောင်မြင်ချင်တယ်။ လူရွှင်တော်အလုပ်ကို မြတ်မြတ်နိုးနိုးနဲ့ ကြိုးစားတယ်၊ လုပ်တယ်။ သူဇာတ်ခုံပေါ်တက်လာရင် သူများထက်သာရမှကြိုက်တဲ့လူမျိုး၊ ကျနော်ကပို့ပေးတယ်၊ သူလိုချင်တာကို ကျနော်က ရောက်အောင်ပို့ပေးတဲ့အခါကျတော့ အတွဲဖြစ်တာပေါ့။ ငယ်ငယ်ကတည်းက ခေါင်းလေးမော့မော့နေလို့ ငမော့လို့ သူ့ဖိုးအေကခေါ်ရင်းနဲ့ အကုန်လုံးက ငမော့ဖြစ်နေတာ။ နှမြောတာပေါ့ဗျာ။ ရင်ထဲမှာလည်းမကောင်းအောင် နှမြောမိပါတယ်။ စိတ်လည်းမကောင်းပါဘူး။”
မော့စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာ ထာဝရအလင်းတန်းဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ အကယ်ဒမီဆုရပြီးနောက် ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။
ဦးမော့စ် ကွယ်လွန်ချိန်မှာအသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ယုယုမော်နဲ့ သား ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၄ နာရီ မှာ ရေဝေး သုသာန်မှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။


DVB TV News


 “အဖေ ဒီနေ့ နံနက် ၄ နာရီ ၂၀ မိနစ် SSC ဆေးရုံမှာ အသည်းဖောက်ပြီး ဆုံးသွားပါတယ်။ ကျွန်တော် အရမ်းအားကျရတဲ့ သူရဲကောင်းကြီး တစ်ယောက် ဒီလိုဆုံးသွားတော့ ပြောမပြတတ်အောင် ၀မ်းနည်းပါတယ်။ အဖေက ဘယ်သူမှ အဲဒီလိုမထင်ဘူး။ အဖေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်စစ်စစ် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ အဖေလည်း ဒီလိုဖြစ်စေချင်တဲ့အတွက် ကျွန်တော်ကြိုးစားသွားမှာပါ။ ဘယ်သူကတော့ အဖေဖြစ်သူကို ဆုံးရှုံးချင်မှာလဲ” လို့ မော့စ်ရဲ့ သားဖြစ်သူ ထိုက်စံက ပြောပြသွားပါတယ်
Popular

No comments:

Post a Comment