22 January, 2013

၂၀၁၅ မှာသမ္မတဖြစ်ဖို့ ပြိုင်ဆိုင်နေကြပြီလား ...


 
 ယခုတလော Online စာမျက်နှာများတွင် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ မိသားစုများနှင့်ပတ်သက်၍ မသိမသာရောသိသိ
သာသာပါ ချီးကျူးရေးသားထားသည့်စာများ မကြာခဏတွေ့လာရပါသည်။ ၎င်းစာများတွင် ဦးသိန်းစိန် ရိုးသားပုံ၊ စိတ်ထားနူးညံ့ပျော့ပျောင်းပြီး ပြည်သူလူထုအပေါ်ဂရုစိုက်ပုံ၊ ဦးသိန်းစိန်၏ မိသားစုဝင်များ ကလည်း ယခင် စစ်အစိုးရခေါင်းဆောင်
၏ မိသားစုဝင်များနှင့်ကွာခြားပုံ စသည်တို့ကို အထူးအလေးပေး ရေးသားလာကြသည့်အပြင် ဦးသိန်းစိန် စစ်သားဘ၀၊ ဦးသိန်းစိန်၏ လက်အောက်ငယ်သားများကိုငဲ့ညှာပုံ၊အမိန့်နာခံတတ်ပုံတို့ကိုအမွှန်းတင်ရေးသားလာသည်ကို တွေ
့လာရသည်။ ပြည်သူတို့ကို
စည်းရုံးရင်း ဆန္ဒကို လည်းတတ်နိုင်သမျှလိုက်လျောနေသည့်အတွက် ယခု ဆက်သွယ်ရေးကချပေးမည့် ဖုန်းများပင်
ဆက်သွယ်ရေး ၀န်ကြီးပြုတ်သွားသဖြင့် ၅၀၀၀ တန်ဖုန်းများထွက်လာမည်ဟု ပြည်သူအများက ယူဆနေကြသည်။ ၅၀၀၀ တန် ဖုန်းများရောင်းနိုင်ပါက ပြည်သူတို့၏မေတ္တာကို ပိုရပေဦးမည်။ နောက်ဆုံး Online တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရသည့် မုန့်ဟင်းခါးရောင်းစားမည့် မြန်မာနိုင်ငံ၏ First Lady ဟူသော ဆောင်းပါးလေး ကလဲ ဦးသိန်းစိန်ကို ထောက်ခံသည့်လူများအတွက် မနောခွေ့စရာပင်။ သို့သော် မြန်မာနိုင်ငံ၏ သမ္မတကတော် တစ်ဦးကတော့ မုန့်ဟင်းခါးရောင်းစားလိမ့်မည်ဟုတော့ မထင်ပါ။ အစိုးရ
သစ် တာဝန်ယူကာစတွင်  သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ဝတ္တရားများကို ယခု ပထမငါးနှစ် သမ္မတသက်တမ်းအတွက်
သာ တာဝန် ထမ်းဆောင်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူလူထုဆန္ဒရှိပါကနောက်သက်တမ်းအတွက်ပါတာဝန်ယူကောင်းယူ မည်ဟု ပြောဆိုလာပြန်သည်။ သတင်းထောက်များနှင့်တွေ့ဆုံ မေးမြန်းရာတွင် လည်း ၎င်းသည် နှလုံးမကောင်းသဖြင့် နှလုံးခုန်စက်ဖြင့် အသက်ဆက်နေရကြောင်း ပြည်သူလူထုမှ ဂရုဏာ စိတ်ဝင်အောင် မကြာခဏ ရှင်းပြလေ့ရှိသည်။ ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် ၎င်း၏ ငယ်စဉ်ဘ၀က ရိုးဂုဏ်ကို ဆယ်ကာ ပြည်သူလူထု၏ သနားဂရုဏာမှတဆင့် ထောက်ခံမဲရရှိအောင် ယခုကတည်းက မဲဆွယ်စည်းရုံး နေပြီလားဟု စဉ်းစားစရာဖြစ်လာပါသည်။
        ထိုကဲ့သို့ သမ္မတဦးသိန်းစိန်မှ နောက်တစ်ဆက်အတွက် ပြည်သူတို့၏ သနားကြင်နာမှုကို ရယူ စည်းရုံးနေသလို ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းတစ်ယောက်ကလည်း ပြည်သူတို့၏ ထောက်ခံမှု ရအောင် ယခုတည်းကပင် ကြိတ်စည်းရုံးနေသည်။ လွှတ်တော်ဥက္ကဌ တစ်ယောက်ဖြစ်သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များသဖွယ် နယ်တကာလှည့်၍ လူထုနှင့်တွေ့သည်၊ လူထုနှင့် စကားပြောသည်။ လွှတ်တော်အားသည့်ရက်များတွင်လည်းနိုင်ငံအ၀ှမ်းခရီးဆန့်ပြီးစည်းရုံးရေး ခရီးဆန့်လိုက်သေးသည်။ ပြည်သူလူထု၏ ထောက်ခံမှုကို အလွန်လိုချင်သောကြောင့်(၁၈-၁-၂၀၁၃) ရက်နေ့က ကချင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လွှတ်တော် တွင် ဒေါ်ဒွဲဘူ တင်သွင်းသော အဆိုကို လွှတ်တော်ကိုယ်စားလှယ်
များ သဘောထားတောင်မှ မတောင်းဆိုတော့ဘဲ ချက်ချင်းပင်သဘောတူကာ ကြေငြာချက်ထုတ်ပြန်ပေးခဲ့သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်း မတူတဲ့ အချက်များ ရှိသည်။ ၎င်းအချက်များကြောင့်ပင် ဦးသန်းရွှေက ဦးသိန်းစိန်ကို သမ္မတအဖြစ် တွန်းတင်ပေးခဲ့ဟန်တူသည်။ ဦးသိန်းစိန်ရော၊ ဦးရွှေမန်းပါ စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ် နာမည်ကောင်းရခဲ့သော်လည်း ဦးရွှေမန်း၏ မိသားစုများသည်စီးပွားရေးနှင့်ပတ်သက်၍ နာမည်အလွန်ထွက်သည်။ ၎င်း၏သားများမှာလည်း နိုင်ငံ၏ ခရိုနီ များဖြစ်နေသဖြင့် ယခင်အစိုးရခေါင်းဆောင်တို့က ဦးရွှေမန်းထက် ဂျူနီယာကျသော ဦးသိန်းစိန်ကို သမ္မတ ရာထူးလမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့ဟန်တူသည်။ ယခုတော့ အစိုးရသက်တမ်းလည်း ဘာလိုလိုနဲ့ တစ်ဝက် ကျိုးတော့မည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလည်း မကြာမီ အလှည့်ကျစနစ်အရ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ထမ်းဆောင်ရတော့မည်။ ဦးရွှေမန်းမှ လုပ်ပိုင်ခွင့်အာဏာပိုရလာမည်။ ပြည်သူ အတွက်လိုအပ်ပြီး အစိုးရမှ လက်တလော မဖြေရှင်းပေးနိုင်သော ကိစ္စများနှင့် အစိုးရကို အခက်တွေ့အောင် လုပ်လာတော့မည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတမဖြစ်နိုင်။ ဒီတော့ ရွေးချယ်စရာ လူနည်းသွားမည်။ ထို့ကြောင့် ယခုအချိန်တည်းက ကြိုတင်ပြင်ဆင်နေကြပြီး ၂၀၁၅ သမ္မတ အရွေးခံနိုင်ရေးအတွက် ယခုကတည်းက နည်းဗျူဟာပေါင်းစုံသုံးပြီး အပြိုင်အဆိုင် မဲဆွယ်နေကြပြီ ဖြစ်ပါကြောင်း ….

ရဲရင့်သူ

No comments:

Post a Comment