20 October, 2012

"တန်ဖိုးကြီး မော်ဒယ်မြင့်ကား များပြားလာသည်နှင့်အမျှ မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှု သိသိသာသာ တိုးလာ" ..


အောက်တိုဘာ ၁၅
ယခုနှစ်အတွင်း တန်ဖိုးကြီး မော်ဒယ်မြင့်ကား များပြားလာသည်နှင့်အမျှ မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှု များ သိသိသာသာ တိုးလာကြောင်း ' မြန်မာ့အာမခံလုပ်ငန်း' မှသိရသည်။
လက်ရှိတွင် ယာဉ်အို၊ယာဉ်ဟောင်း အစားထိုးစီမံချက်အရ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ မော်ဒယ်မြင့်ကား များ သိသာစွာ တိုးလာသည်နှင့်အမျှ မြန်မာ့အာမခံလုပ်ငန်းသို့ မော်ဒယ်မြင့်ကား အလုံးစုံ အာမခံထားရှိမှုများ လည်း သိသာစွာ တိုးမြှင့်လျက်ရှိကြောင်းနှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခဲ့သည့်အခါ အာမခံ အကာအကွယ် ရရှိစေရန်အတွက် ယင်းကဲ့သို့ မော်တော်ယာဉ် အလုံးစုံ အာမခံများ ထားရှိခြင်းဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။
““အလုံးစုံ အာမခံက ဒီနှစ်မှာ သိသာစွာ တိုးလာပါတယ်၊ မော်ဒယ်မြင့်ကားတွေ စီးတာ များလာတာနဲ့အမျှ ဒီယာဉ်ရဲ့ အာမခံအတွက် စိတ်ချမှုရှိအောင် အလုံးစုံအာမခံ လာပြီး ထားကြတာပါ”” ဟု မြန်မာ့အာမခံလုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းသို့ မော်ဒယ်မြင့်ကား အလုံးစုံ အာမခံထားရှိမှုမှာ တိုးတက်လာရာ အလုံးစုံ အာမခံထားရှိသည့် မော်တော်ယာဉ် ၁,၉၈၄ စီးအား လက်ခံခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ၇၈ စီး အတွက် လျော်ကြေးငွေကျပ် ၄၁.၁၉ သန်း ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
မော်တော်ယာဉ် အလုံးစုံ အာမခံထားမည်ဆိုပါက ကျပ်သိန်းတစ်ရာ တန်ဖိုးရှိ မော်တော်ယာဉ်အတွက် အာမခံ ထားမည်ဆိုလျှင် မြန်မာ့အာမခံလုပ်ငန်းသို့ ပရီမီယံကြေး တစ်နှစ်စာအတွက် ငွေကျပ် တစ်သိန်းလေးသောင်းခန့် ပေးသွင်းရနိုင်ကြောင်းနှင့် မော်တော်ယာဉ်တန်ဖိုးအား အရှိအတိုင်း၊ သို့မဟုတ် လက်ရှိကာလပေါက်ဈေးအတိုင်း အလုံးစုံ အာမခံထားရမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း မှ သတင်းရရှိသည်။

No comments:

Post a Comment