29 November, 2012

လက်ပံတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ တုန့်ပြန်ချက်..


''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။
အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။
ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။
အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။
ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။
အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။
ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်းအော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''

လက်ပန်တောင်း တောင်မှ နောက်ဆက်တွဲ သတင်းများ ..၂




DVB TV News    မုံရွာဆေးရုံရောက် ဒဏ်ရာရ သံဃာတော်များ
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။
၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများအသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကိုတွေ့ရှိရသည်။ ကြေးနီစီမံကိန်းအတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။
၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကစီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသောအဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။
၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကိုပြည်သူ့ဆေးရုံများတွင်ဒေသဆိုင်ရာတာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။
၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။



လက်ပန်းတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းသည့် အတွက် သံဃာတော်များ မီးလောင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရမှုကြောင့်
နာရေးကူညီမှုအသင်းမှဦးကျော်သူနှင့်အဖွဲ့သားများကဆေးဝါးအကူအညီပေးရန် ယနေ့ညတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာမည်ဖြစ်သည်။
 ဒဏ်ရာရ သံဃာ ၂၂ ပါးအနက် ၁၅ ပါး စိုးရိမ်ရ
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိပြီး ဆေးရုံတင်လိုက်ရသည့် သံဃာ ၂၂ ဦးအနက် ၇ ပါး သက်သာမှုရှိသော်လည်း ကျန် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တဦးမှာ စိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသနေရကြောင်း မုံရွာဆေးရုံကြီးတွင် သွားရောက်ကြည့်ရှုသူများက ပြောသည်။ ဒေသခံ NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်သို့ ပေးပို့ရန် လတ်တလော စုစောင်းထားသည့် စာရင်းအရ အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိသူ သံဃာ ၉၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ကျော် ရှိကြောင်း သိရသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင်ဒေသခံများကို မိန့်ခွန်းမပြောကြားမီ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ယခုအချိန်ထိ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောကြားမည့်မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အား
မှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ရေး ဆနပြပွဲကို ဖြို ခွင်း ရာမှာ သုံးခဲ့တဲ့ ဗုံးဟာ မျက်ရည်ယိုဗုံး အမျိုး အစား ဖြစ်နိုင် ခြေနည်းတယ်လို့  ရန်ကုန်တကသိုလ် ဓါတုဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ ခင်မောင်ညို က သုံးသပ်ပါတယ်။
 
(ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နှုတ်ချက်)
ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်အရေးကို နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီးဖြစ်ကာ ဒေသခံများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ၊ နှစ်ဦးနှစ်ဘက်ကြား ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြေလည်ရန် ညှိနှိုင်းပေးမည်ဖြစ်ပြီးဒေသခံပြည်သူများကထိုသို့ညှိနှိုင်းဆောင်ရွက်ပေးမည်ကို လက်ခံပါမည်လားဟုဒေါ်အောင်ဆန်းစုကြည်ကဒေသခံများကိုမေးသည်။ ထိုအခါ ဒေသခံများက လက်ခံမည်ဟု ဖြေကြားသည်။
သို့သော် ယနေ့နံနက်အစောပိုင်းက သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံး လူစုခွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပြောကြားခဲ့ခြင်း မပြုပေ။
မနက်ဖြန် (နိုဝင်ဘာ ၃၀)နံနက် ၈ နာရီတွင် မုံရွာမြို့ ချင်းတွင်းမြစ်ဘေး သဲသောင်ခုံပေါ်တွင်ဒေသခံများနှင့်တွေ့ဆုံအမှာစကားပြောကြားမည်ဟုသတင်းရရှိသည်။
 မီးရှီု့ဖျက်ဆီးခံလိုက်ရသည့် သပိတ်စခန်းအပျက် မီးလောင်အပိုင်းအစအပျက်အဆီ်းများထဲ တုတ်နဲ့ ထိုးရှာရင်းတွေ့လိုက်ရသည့် မီးခိုဗုံး။ ရေလောင်နဲ့ အရင်ဖြန်း မီးခိုဗုံးနဲ့ ပစ်ပေါက်ကွဲတော့ အကုန်မီးလောင်ကုန်တာ။ နှစ်လုံးတောင် ရှာတွေ့ခဲ့တာ
ဒီသတင်းဓာတ်ပုံက ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ကိုအောင်နေမျိုးက မျှဝေထားတာပါ။
Phosphorus (မီးစုန်းဓာတ်) ပါတဲ့ မီးခိုးဗုံးနဲ့ ပစ်တော့ မီးခိုးဗုံးဟာ မီးလောင်ဗုံး ဖြစ်သွားပါတော့တယ်။ အဲဒီဓာတ်ရဲ့ သဘောသဘာဝကို ဗဟုသုတအနေနဲ့ ကြည့်ရှုကြည့်စေချင်ပါတယ်။
   Nay Myo Zin
http://www.youtube.com/watch?v=Oke8GinWDG8

မုံရွာပြည်သူဆေးရုံကြီးသို့ဒေါ်အောင်ဆန်းစုကြည်သွားရာက်ပြီး ဒဏ်ရာရ သံဃာတော်များကိုအားပေးစကားပြောကြားခဲ့သည်။
မုံရွာစိမ်းရောင်စိုအဖွဲ့မှလည်း ဒဏ်ရာရရှိသူသံယာတစ်ပါးအတွက် ကျပ်၂၀၀၀၀နှုန်းနှင့် သင်ကန်းဒွိစုံ၊ ဆွမ်း အစရှိသည်တို့ကို လှူဒါန်းသွားမည်ဟုစိမ်းရောင်စိုအတွင်းရေးမှူးကိုမောင်မောင်ဦးကပြောကြားကြောင်း မုံရွာသတင်းထောက်မှ သတင်းပေးပို့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့ ၀င်းယူနတီတည်းခိုခန်းတွင် ညအိပ်တည်းခိုမည်ဖြစ်ကြောင်းသိရသည်။
လက်ပံတောင်းတောင်သပိတ်စခန်းအား
အင်အားသုံးဖြိုခွင်းစဉ်ဒဏ်ရာရရှိသောရဟန်းသံဃာများ
အားဒေါ်အောင်ဆန်းစုကြည်မှအကူအညီပေးသွား
မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည့်
သံဃာတော်တစ်ပါးကမိန့်ကြားသည်။