16 December, 2012

ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခများ ယခင်အတိုင်း မိနစ်အလိုက် ကောက်ခံသည့် စနစ်ဖြင့်သာ ဆက်လက်ကောက်ခံမည်..


ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို Data စနစ်ဖြင့် ပြောင်းလဲကောက်ခံတော့မည် မဟုတ်ဘဲ ယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့်စနစ်ဖြင့်သာဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက် နေ့တွင် ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြေညာခဲ့သည်။ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုနောက်ဆုံး ထုတ်ပြန်ချက်များအရ ၎င်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ရန် မရှိတော့ကြောင်း၊ ယခင်အတိုင်း မိနစ်အလိုက်ကောက်ခံသည့်စနစ်ဖြင့်သာဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှာလည်း အရင်အတိုင်း မိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။သုံးစွဲသူတွေအဆင်ပြေစေမယ့်အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းက ဆိုသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါက EDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။

No comments:

Post a Comment