12 October, 2012

ကား CIF ဈေးများ ပြောင်းလဲရန် အစီအစဉ်မရှိ ..


၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့် ကားများအတွက် မော်ဒယ်တစ်နှစ်ထပ်မံတိုးမြင့်ပေးမည်

လက်ရှိတင်သွင်းရန်သတ်မှတ် ထားသည့် ကား CIF ဈေးများကို ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်းနှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့်ကားများအတွက် မော်ဒယ်တစ်နှစ် ထပ်မံတိုးမြင့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကားဟောင်းများအပ်နှံ၍ အသစ်ပြန်လည်တင်သွင်းသည့် ကားများအတွက်ဖြစ်စေ၊ တစ်ဦးချင်း တင်သွင်းသည့် အစီအစဉ်အရ တင်သွင်းသည့် ကားများအတွက်ဖြစ်စေ တင်သွင်းရန် လက်ရှိသတ်မှတ်ပေးထားသည့် ကား မျိုးစုံအတွက် CIF ဈေးများကို ပြင်ဆင်လျော့ချရန်အစီအစဉ်မရှိကြောင်း၊လျော့ချမည့်အစီအစဉ်အတွက်လည်း ဆွေးနွေးမှုမရှိကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် မော်တော်ယာဉ်တင် သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးမှ သတင်းရရှိသည်။
''ကား CIF ဈေးတွေကို လျော့ချဖို့ ပြောင်းလဲဖို့အစီအစဉ်ကို ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ CIF ဈေးတွေဟာ လက်ရှိသတ်မှတ်ထားတဲ့အတိုင်းပါပဲ'' ဟု အဆိုပါအစည်းအဝေးသို့တက် ရောက်ခဲ့သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကားတင်သွင်းသူများအတွက် တင်သွင်းရမည့်ကားများ၏ မော်ဒယ်များကို တစ်နှစ်ထပ်မံတိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
''ကားဟောင်းအပ်ပြီးမှ သွင်းရ တဲ့သူတွေအတွက် အခုသတ်မှတ်ထားတာက ၁၉၉၆ မော်ဒယ်ကနေ ၂၀၀၇ မော်ဒယ်ဖြစ်တယ်။ ဒါကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကစပြီး ၁၉၉၇ မော်ဒယ်ကနေ ၂၀၀၇ မော်ဒယ်အထိ မော်ဒယ်တစ်နှစ်တိုးပြီး တင်သွင်းခွင့်ပြုမှာပါ။ တစ်ဦးချင်းသွင်းတဲ့သူတွေအတွက်လည်း အခု ၂၀၀၇ မော်ဒယ်အထက်သတ်မှတ်ထားပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တင်သွင်းခွင့်ပြုဖို့ ဆွေးနွေးခဲ့ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါ သည်။
ယင်းအပြင် အဆိုပါအစည်းအဝေးတွင် လာမည့် ၂၀၁၃ ခုနှစ်အတွင်း ကားသစ်များတင်သွင်းရောင်းချမည့်သူများ အရောင်းခန်းမများ ဖွင့်လှစ်ရောင်းချနိုင်ရန် ဆွေးနွေးခဲ့ပြီး ကားသစ်များတင်သွင်းရောင်းချမည့် အရောင်း ခန်းမများ ဖွင့်လှစ်ရာတွင် မည်သည့်စနစ်များဖြင့် သတ်မှတ်ဖွင့်လှစ်ခွင့်ပြုမည်ဆိုသည့် အစီအစဉ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
EMG

No comments:

Post a Comment