08 April, 2013

ရော်ဘာ ပို၍တင်ပို့နိုင်သော်လည်း ဝင်ငွေ ဒေါ်လာသန်း ၈၀ ကျော် လျော့နည်းခဲ့ ..


မြန်မာနိုင်ငံမှ ရော်ဘာများကို ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိရာ ယခုနှစ် တင်ပို့မှုမှာ ယခင်နှစ်ထက် တန်ချိန် ပို၍ တင်ပို့နိုင်သော်လည်း ဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် လျော့နည်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရော်ဘာလုပ်ငန်းရှင်များ အသင်းက ဆိုသည်။


“၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ရော်ဘာ မက်ထရစ်တန်ချိန် ၇၈,၀၀၀ လောက် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၂၀ ခန့် ရရှိခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ရော်ဘာ မက်ထရစ်တန် ၈၂,၀၀၀ ခန့် တင်ပိုခဲ့ပြီး ဒေါ်လာ ၂၃၉ သန်းပဲ ခန့်ရခဲ့ပါတယ်” ဟု အတွင်းရေးမှူး ဦးခိုင်မြင့် က ပြောသည်။
ယခုနှစ်အတွင်း ရော်ဘာတင်ပို့မှုမှာ ယခင်နှစ်ထက် မက်ထရစ်တန် ၄,၀၀၀ ခန့် ပိုခဲ့သော်လည်း ဝင်ငွေတွင်ဒေါ်လာ သန်း ၈၀ ကျော် လျော့နည်းခဲ့ရခြင်းမှာ “ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာ ပေါက်ဈေးအရ ၁ တန်ကိုဒေါ်လာ ၄၀၀ လောက် ဈေးလျော့ရလို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဧပြီ ၈ ရက်နေ့ ရော်ဘာ ၁ တန် ပေါက်ဈေးမှာ RSS-3 ကို ၂,၇၀၀ မှ ၂,၈၀၀ ဒေါ်လာ၊ RSS-5 ကို ၂,၆၀၀ မှ ၂,၇၀၀ ဒေါ်လာတို့ ရှိခဲ့သည်။
“ဒီနေ့ ပေါက်ဈေးအရ MSR- 50 က ဒေါ်လာ ၂,၆၀၀-၂,၇၀၀၊ MSR-20 က ဒေါ်လာ ၂,၇၀၀-၂,၈၀၀ ရှိပါတယ်။ ရော်ဘာတွေကို နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို ၆၀ ရာခိုင်နှုန်း တင်ပို့နေပါတယ်။ ကျန် ၄၀ ရာခိုင်နှုန်းကတော့ ပင်လယ် ရေကြောင်းကနေ မလေးရှား၊ အိန္ဒိယနဲ့ စင်္ကာပူတို့ကို တင်ပို့နေပါတယ်” ဟု ရော်ဘာကုန်သည် ဦးကျော်လွင် က ဆိုသည်။
မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ ပင်လယ်ရေကြောင်းဖြင့် RSS-3 အမျိုးအစား ရော်ဘာ တန်ချိန် ၅၆၀ ကို မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။
ရန်ကုန် (မဇ္ဈိမ)

No comments:

Post a Comment