02 March, 2013

သေဆုံးချိန်ထိ လူသတ်မှု့ ဍ္ဍ် မပတ်သက်ရကြောင်း စိုင်းနော်ခမ်း ငြင်းဆို ...


မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ တရုတ်နိုင်ငံကူမင်းမြို့ ၌ ရုံးတင်စစ်ဆေး၍ ယနေ့ ဆေးထိုးသတ်ခံရသော ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်းသည်  အဆိုပါအမှု၌ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း မသေခင်တရက်အလိုတွင် စီစီတီဗီ သတင်းဌာနအား ဖြေကြားခဲ့သည်။



ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်လွှင့်သော တရုတ်နိုင်ငံပိုင် စီစီတီဗီ၌  စိုင်းနော်ခမ်းက “ သေဆုံးသူ ၁၃ ယောက်ရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ပေးပြီးပါပြီ။ ဒါပေမယ့်ကျနော်တရုတ်အာဏာပိုင်တွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော့်ကို လွှတ်ငြိမ်းခွင့် ပေးပါဗျာ။ ကျနော် ဒီလူသတ်မှုမှာ  မပါဝင်ရတာ အမှန်တကယ်ပါ။ ကျနော့်မှာ သားသမီး ၁၀ ယောက်ရှိပါတယ်။ ကျနော်သေရင် ကျနော့်သားသမီးတွေကို ဘယ်သူက ရှာကျွေးမလဲ။ သူတို့အားလုံး ဒုက္ခရောက်ကြရမှာပါ။ ကျနော် သူတို့လေးတွေကို ပြန်သွားပြုစုစောင့်ရှောက်ပါရစေ။ ကျနော် လက်လွတ်စပယ် တခါမှ မလုပ်ဖူးပါဘူး။ တကယ်ပါ” ဟု သျှမ်းဘာသာစကားဖြင့် ပြောသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ ရောက်ရှိနေသော သျှမ်းပြည်သား စိုင်းနော်ခမ်း အသနားခံ အယူခံဝင်နေမှု မအောင်မြင်ဘဲ မတ်လ ၁ ရက် ၌ ဆေးထိုးသတ်ရန် ပြစ်ဒဏ်ချမှတ်ခံရကြောင်း တရုတ်နိုင်ငံပိုင် သတင်းများက ဖော်ပြပါသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့တော်တွင် မတ်လ ၁ ရက် ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်၌ စိုင်းနော်ခမ်း နှင့် စိုင်းဆန်ခမ်းအား တရုတ်အာဏာပိုင်းများက ဆေးထိုးသတ်လိုက်ပါသည်။
 ရုပ်အလောင်းအားသက်ဆိုင်ရာနိုင်ငံ သံရုံးမှတဆင့် မိသားစုထံပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းလည်း တရုတ်အာဏာ ပိုင်များကပြောကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများဖော်ပြပါသည်။
စိုင်းနော်ခမ်းအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးအား ထိုင်းအစိုးရက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်း၀ရမ်းထုတ်ပြီးမကြာခင် ၂၀၁၂  ဧပြီလ ၂၄ က လာအိုနိုင်ငံ၌ အဖမ်းခံရသော ရွှေတြိဂံ မူးယစ်ရာဇာအမည်ရ သျှမ်းပြည်သား စိုင်းနော်ခမ်းအား ၂၀၁၁ အောက်တိုဘာ ၅ ရက်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရမှုအတွက် စစ်ဆေးရန်ဟုဆိုကာ ၂၀၁၂ မေလ ၁၀ ရက်နေ့က တရုတ်နိုင်ငံအစိုးရက လွှဲပြောင်းယူဆောင်ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။
စိုင်းနော်ခမ်းနှင့်အတူ လက်အောက်ငယ်သားများဖြစ်ကြသော စိုင်းအောင်မြတ်(မြန်မာအစိုးရမှ တရုတ်ပြည်သို့ ပို့ပေးသည့် နိုင်ငံသက်သေ)၊ ဆန်ခမ်း၊ ယီလိုင်း၊ ဂျဆီးကား၊ ဂျထူးပိုး၊ ဂျပိုး တို့လည်း ကူမင်းတရားရုံး၌ ရုံးတင်စစ်ဆေးခြင်းခံရပြီးနောက် ယမန်နှစ် နိုဝင်ဘာလဆန်းက စိုင်းအောင်မြတ်မှလွဲ၍ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကားတို့ အားသေဒဏ်၊ လားဟူအမျိုး သား၂ ယောက်အနက် ဂျပိုး မှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာမူ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ် ဒဏ်များ  မှတ်ခဲ့ပါသည်။
စိုင်းနော်ခမ်းက အဆိုပါ ပြစ်ဒဏ်ချမှတ်ချက်ကို အယူခံဝင်ရန် ကြိုးစားရာ ( Yunnan Provincial People’s Court) တရားရုံးတော် ကပယ်ချသဖြင့် နောက်ဆုံးအနေဖြင့် ပေကျင်းမြို့တော် အမြင့်ဆုံး ပြည် သူ့တရားရုံးတော်သို့ ထပ်မံအယူခံဝင်ခဲ့သော်လည်း မအောင်မြင်ဘဲ မတ်လ ၁ ရက်နေ့ ဆေးထိုးသတ်ရန် တရားရုံးကပြစ်ဒဏ်ချမှတ်ခဲ့သည်။
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါ ဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ် တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည်  စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲ သောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေ နှောက်ခဲ့၏။  ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်လှုပ်ရှားခဲ့သည်မှာ ယခုကဲ့သို့ ဖမ်းဆီးစီရင်ခြင်းခံရသည့်အချိန်အထိ ဖြစ်ပါသည်။ စိုင်းနော်ခမ်း ကွယ်လွန်ချိန်တွင် အသက် ၄၅  နှစ် ရှိပါသည်။
 

No comments:

Post a Comment