12 February, 2013

နျူကလီးယားစမ်းသပ်မှု အောင်မြင်ကြောင်း မြောက်ကိုရီးယား သတင်းထုတ်ပြန်...


 
တတိယမြောက် နျူကလီးယားစမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) ထုတ်ပြန်ပြောကြားလိုက်သည်။ မြောက်ကိုရီးယား၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားနိုင်ငံက ချက်ချင်းပင် ရှုတ်ချလိုက်သည်။ တတိယမြောက် နျူကလီးယားစမ်းသပ်မှုမှာ အောင်မြင်ခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA (Korean Central News Agency) ကသတင်းထုတ်လွှင့်ခြင်းဖြစ်သည်။ 



နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရခြင်းမှာ အမေရိကန်၏ အကြောင်းမဲ့ရန်လိုနေမှုကို ဆန့်ကျင်၍ မိမိတို့၏ နိုင်ငံလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်ဖြစ်ကြောင်း KCNA က ပြောကြားသည်။ ထို့အတူ အမေရိကန်သည် စစ်ရေးနှင့်မသက်ဆိုင်သော ဂြိုဟ်တု လွှတ်တင်နိုင်သည့် မိမိတို့နိုင်ငံ၏ အခွင့်အရေးကို ထိပါးနှောင့်ယှက်ခဲ့ကြောင်းလည်း မြောက်ရီးယားသတင်းဌာနက ပြောကြားသည်။ 
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြောက်ကိုရီးယား၏ နျူကလီးယာစမ်းသပ်မှုကို ရှုတ်ချလိုက်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုမှုများကို မျက်ကွယ်ပြုကာ ပြုံးယမ်းအစိုးရက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းမှာ မနှစ်မြို့ဖွယ် လုပ်ရပ်အဖြစ်ကြေားပြီး ဝေဖန်ရှုတ်ချလိုက်သည်။ ထို့အတူ အမေရိကန်ကလည်း မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမားက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုမှာ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် တမင်တကာ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုမှာ အမေရိကန်နှင့် နိုင်ငံတကာ၏ ငြိမ်းချမ်းရေး၊ လုံခြံရေးတို့ကို ခြိမ်းခြောက်မှုဖြစ်ကြောင်းလည်း အိုဘားမားက ပြောကြားသည်။
မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း ပြောကြားပြီးနောက် အမေရိကန်နှင့်ဂျပန်တို့သည် လေထုအတွင်း မြောက်ကိုရီးယားမှ ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့များပျံ့နှံ့ထွက်ရှိမှုပမာဏကို ထောက်လှမ်းဆန်းစစ်နေပြီဖြစ်သည်။ မြောက်ကိုရီးယား၏ တတိယမြောက် နျူကလီးယားစမ်းသပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော မြေငလျင်တုန်လှုပ်မှုမှာ ၂၀၀၉ခုနှစ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်စဉ်ကထက်ပိုမိုပြင်းထန်ကြောင်းလည်း သိရသည်။



No comments:

Post a Comment