12 February, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ...

နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂ မဟာ သီရိ သုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ
အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ
၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
ချစ်ကြည်လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-


ယနေ့ အချိန် အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသား တို့၏ ရင်ထဲတွင် ထာဝရ သတိတရ ရှိနေရသည့် နေ့ထူးနေ့မြတ် ဖြစ်သော ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။ ဤကဲ့သို့ ကျက်သရေ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် နေ့ထူး နေ့မြတ်တွင် သွေးချင်း ညီအစ်ကို မောင်နှမ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြ ပါစေဟု ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံး ညီညွတ် စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေသည်။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်း ခဲ့ကြ ပါသည်။
အတိတ် သမိုင်းတွင် မြန်မာမင်း အဆက်ဆက် တို့သည် အမိ နိုင်ငံတော် တည်မြဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တို့ကို အားသွန် ခွန်စိုက် ကြိုးပမ်းခဲ့ကြ ပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးကိုလည်း ဦးဆောင် လမ်းညွှန် ပေးခဲ့ကြ ပါသည်။ သို့အတွက်ကြောင့် အတိတ်က မြန်မာ နိုင်ငံတော်ကြီး သည်လည်း စည်ပင် ဖွံ့ဖြိုး တိုးတက် ခဲ့သည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေ သည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အမျိုးသား ရေးမူဝါဒကို ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး စောင့်ထိန်း ကာကွယ်ရမည် ဖြစ်ပေသည်။
ကိုလိုနီ နယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲ အုပ်ချုပ် ခဲ့မှုကြောင့် လွတ်လပ်ရေး ရပြီးစမှ စ၍ အမိ နိုင်ငံတော်ကြီး အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားကာ စည်းလုံး ညီညွတ်မှု ပျက်ပြား ခဲ့ရပါသည်။
ချစ်ကြည် လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-
ကိုလိုနီစနစ် ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ကျွန်ပညာရေး စနစ် အကောင် အထည် ဖော်မှု၊ တိုင်းရင်းသား ညီအစ်ကိုတို့ အပေါ် မတရား ကုပ်သွေးစုပ်ပြီး စိုးမိုး ခြယ်လှယ်မှု၊ မြန်မာ့ သယံဇာတ တို့ကို မတရား ရယူ သိမ်းပိုက်မှု စသည့်  ခါးသီးသော အတွေ့အကြုံ တို့ကို မြန်မာ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး နှစ်ပေါင်း များစွာ ခါးစည်း ခံခဲ့ရပါသည်။
မျိုးချစ် စိတ်ဓာတ် ပြင်းထန်လှသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များသည် အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန် တိုက်ခိုက် ခဲ့ကြပါသည်။ နယ်ချဲ့ တို့ကလည်း မြေပြန့် ဒေသနှင့် တောင်ပေါ်ဒေသ တို့ကို ခွဲခြားကာ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း ကွဲပြားအောင် နည်းအမျိုးမျိုးဖြင့် သွေးခွဲ အုပ်ချုပ် ခဲ့ကြပါသည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ် မျိုးချစ် လူငယ် တို့က ခေါင်းဆောင်ကာ မြန်မာ့ တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ် အကူ အညီ ရယူ၍ မြန်မာ့ မြေပေါ်မှ ကိုလိုနီ နယ်ချဲ့တို့ကို မောင်းထုတ် နိုင်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်တို့၏ ရက်စက် ကြမ်းတမ်းစွာ ညှဉ်းပန်း နှိပ်စက် မှုကြောင့် မြန်မာ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးက ဖက်ဆစ် တို့ကို မြန်မာ့ မြေပေါ်မှ တိုက်ထုတ် ခဲ့ရ ပြန်ပါသည်။
နယ်ချဲ့တို့ ပြန်လည် ဝင်ရောက် လာကြပြီး တောင်ပေါ် ဒေသကို ချန်လှပ်၍ ပြည်မကိုသာ လွတ်လပ်ရေး ပေးလို သည့်အတွက် အမိ မြန်မာနိုင်ငံ တော်ကြီးကို ချစ်မြတ်နိုးသည့် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို ခေါင်းဆောင် များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ ညီလာခံကို ကျင်းပကာ တိုင်းရင်းသား အားလုံး တညီတညွတ်တည်း လွတ်လပ်ရေး တောင်းဆို ကြမည်ဟု ကတိပြု လက်မှတ် ရေးထိုး ခဲ့ကြပါသည်။ ထိုနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် နှစ်စဉ် ကျင်းပပြုလုပ် လာခဲ့ရာ ယခုအခါ (၆၆) နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ (၆၆) နှစ်မြောက် ဤနေ့ထူး နေ့မြတ် အချိန်အခါတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း သွေးစည်း ညီညွတ်ရေး၊ အမိမြန်မာ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို အထူးအလေး ထားပြီး တိုင်းရင်းသား တို့၏ အသည်းနှလုံး ထဲတွင် ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်တို့ အစဉ်အမြဲ ကိန်းအောင်း နေဖို့ လိုအပ်လှ ပေသည်။
ချစ်ကြည် လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-
လွတ်လပ်ရေး ရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ တွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲ ခဲ့ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ် အေးချမ်းမှု မရရှိခဲ့သည့် အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေး ခဲ့ရ ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ကြီး ထာဝရ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးက လက်တွဲပါဝင် ဆောင်ရွက် သင့်သည်ကို အထူး သတိပြု သင့်ပေသည်။ ပြည်တွင်း ပြည်ပ အဖျက်သမား တို့၏ အန္တရာယ် ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ် လှပေသည်။
ကိုလိုနီ နယ်ချဲ့ တို့၏ သွေးခွဲ အုပ်ချုပ်မှု၊ ဖိနှိပ် သွေးစုပ်မှု၊ ပြည်တွင်း တည်ငြိမ် အေးချမ်းရေး ပျက်ပြားမှု စသည့် ခါးသီးသော အတွေ့အကြုံ တို့ကို သင်ခန်းစာ ယူကာ တိုင်းရင်းသား အားလုံးက အမိမြန်မာ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။
နိုင်ငံတော် အစိုးရ အနေဖြင့် မြန်မာပြည် အနှံ့ တိုင်းရင်းသား ညီအစ်ကိုတို့ နေထိုင်ရာ ဒေသ အသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံ ကောင်းများ ရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ နိုင်ငံ၏ လက်ရှိ အခြေ အနေတွင် ဒီမို ကရေစီ စနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိ ပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံး ပါဝင် လာနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ဒီမို ကရေစီစနစ် ရှင်သန် ဖွံ့ဖြိုးရန် အတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးစားပေး ဆောင်ရွက် နေပါသည်။ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ချစ်ကြည်လေးစား အပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-
အစိုးရသစ် အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် နိုင်ငံရေး အင်အား၊ စီးပွားရေး အင်အား၊ နိုင်ငံတော် ကာကွယ်ရေး အင်အား တောင့်တင်းရန် လိုအပ်သည်ဟု ခံယူထား ပါသည်။ သို့မှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။
ရရှိပြီးဖြစ်သည့် အခြေခံ ကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပိုမို တိုးတက် ကောင်းမွန်အောင် ကြိုးစား အကောင်အထည် ဖော်လျက် ရှိသည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခါ သမယတွင် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

No comments:

Post a Comment