27 January, 2013

အိန္ဒိယသောင်းကျန်းသူများ မြန်မာ့မြေတွင် လက်မခံဟု သမ္မတကြီး ကတိပေး ..


အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ၁၉၆၄ ခုနှစ်မှ စတင်၍ ခြေကုပ် ယူထားသော အိန္ဒိယ ဆန့်ကျင်ရေး သောင်းကျန်းသူများကို မြန်မာ့မြေတွင် လက်ခံမည် မဟုတ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာအေကေအန်တိုနီ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် ကတိပေး ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ် H.E.SAILAS THANGAL က ပြောကြားသည်။ အဆိုပါ အိန္ဒိယ ဆန့်ကျင်ရေး သောင်းကျန်းသူများမှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ကျယ်ပြန့်စွာ ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တစ်လျှောက်ရှိ အာသံ၊ မဂ္ဂလရာ၊ တရိပူရ၊ အရူနားချလ်ပရဒေ့ရှ်၊ မစ်ဆိုရမ်၊ မဏိပူရနှင့် နာဂလန်းပြည်နယ်များ ပါဝင်သော ဒေသအသီးသီးတွင် လူနေမှု အဆင့်အတန်း ကွာဟခြင်း ဗဟိုအစိုးရ၏ အထောက်အပံ့ အားနည်းခြင်းနှင့် ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရ၏ စိတ်ဝင်စားမှု လျော့နည်းလာခြင်းတို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင် တိုင်းရင်းသား လူနည်းစုများပင် ဖြစ်ကြောင်း အိန္ဒိယတပ်မတော်၏ တရားဝင် Website တွင် ဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးသည် ယင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစစ်တပ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်မှု ရရှိနိုင်ကြောင်း၊ မကြာမီ ကာလများတွင်လည်း နှစ်နိုင်ငံ လေတပ်၊ ရေတပ်တို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက သတင်းထုတ်ပြန်သည်။ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီသည် သမ္မတကြီး ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး၊နယ်စပ်ရေးရာကိစ္စများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပေါင်းကူးတံတားအဖြစ် ရပ်တည်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဦးဆုံး ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာရှစ်တို့ ရောက်ရှိလာခဲ့ကာ အဆိုပါ အိန္ဒိယထိပ်တန်း ခေါင်းဆောင်သုံးဦး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် အလားအလာကောင်းများ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ခေတ်သတင်း

No comments:

Post a Comment