13 December, 2012

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ ..


ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊ ၁၁၊ ၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ ထိုမိန်းကလေးမှာ အသက်၂၄ နှစ် ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူ ဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူ ဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်။
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊ တကယ်လို့ ရည်းစားနောက် လိုက်သွားရင်လည်း အခုဆို (၁) လရှိနေပါပြီ၊ သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊
အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊ သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်း ပါသွားတယ်၊သူ့ဆိုင်ကယ်ကိုလည်း ပေါင်သွားတယ်၊ သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန် ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက် ပါလာတယ်တဲ့၊ နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူး ခံလိုက်ရပြီလားလို့ တွေးမိပါတယ်”။
ဒေါ်ခင်နန်းမြင့် ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ် ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်။ မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရောင်းချခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပါသည်။ ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်။
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာအတိုင်း ဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ။ ထိုပျောက်ဆုံးသွားသော မိန်းကလေးနှင့် ပါတ်သက်၍ တွေ့ရှိသူများး၊ တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့် (သို့မဟုတ်) ဖုန်း ၀၉-၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်။

No comments:

Post a Comment