19 September, 2012

တရုတ်ဝယ်လက် အားထားဆဲ ပြောင်း၊ နှမ်း ၊ ကြက်ဆူနှင့် ဈေးကျလာသည့် ပဲမျိုးစုံဈေးကွက် ..


မန္တလေးဈေးကုန်စည်ဒိုင်ဈေးကွက်ရှိ ပြောင်းဖူး၊ကြက်ဆူ၊နှမ်းဖြူ ၊နှမ်းညို ၊နှမ်းနက်(စမုံနက်) စသည့် ကုန်ပစ္စည်း များမှာ တရုတ်ဈေးကွက်ကို အားထားနေရဆဲဖြစ်ကြောင်း ကုန်စည်ဒိုင်က သိရှိရသည်။

“တရုတ်ဘက်ကိုတော့  ပြောင်းဖူး၊နှမ်းမျိုးစုံနဲ့ ကြက်ဆူ အမြဲအရောင်းအ၀ယ်ရှိတယ်” ဟု မန်းကုန်စည် ဒိုင်မှ ကုန်သည်ကြီး ဦးကျော်စိန်ကပြောသည်။

ပြောင်းဖူးအသစ်ဈေးနှုန်းမှာ (၃)တင်းတစ်အိတ်လျှင် ကျပ်(၂၇၀၀၀)ဈေးရှိပြီး ကြက်ဆူမှာ စက်တင် ဘာလအတွင်းတွင် ကျပ်(၃၅၀၀၀)မှ(၃၆၀၀၀)အထိ ဈေးရှိသော်လည်း ယခင်သြဂုတ်လက ကျပ်(၃၃၀၀၀) ၀န်းကျင်သာ ဈေးရှိကြောင်း သိရှိရသည်။

အလားတူ နှမ်းဖြူဈေးနှုန်းမှာ (၃)တင်းတစ်အိတ်လျှင် ကျပ်(၉၄၀၀၀)မှကျပ်(၉၆၀၀၀)အထိရှိပြီး၊ နှမ်းညို(၃)တင်း တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)မှကျပ်(၈၀၀၀၀)အထိရှိကာ ၊ နှမ်းနက်(ရိုးရိုး) (၃)တင်း တစ်အိတ်လျှင် ကျပ်(၄၀၀၀၀)မှ ကျပ်(၄၆၀၀၀) အထိနှင့် နှမ်းနက်(စမုံနက်)မှာမူ (၁)သိန်းမှ (၁၁၀၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်း သိရှိရသည်။

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံကုန်စည်ဈေးနှုန်း အနည်းငယ်ကျဆင်းလျှက်ရှိသော်လည်း   ဈေးကွက် အပြောင်းအလဲမရှိကြောင်း ကုန်စည်ဒိုင်အသင်းက သိရှိရသည်။

တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံဝယ်လက်များ ပုံမှန်ရှိနေသော်လည်း ပြီးခဲ့သည့် သြဂုတ်လနှင့် နှိုင်းစာပါက   ထောင်ဂဏန်းခန့်   ဈေးကျသွားကြောင်းကိုလည်း သိရှိရသည်။

 ထိုင်ဝမ်ကုလားပဲဈေးနှုန်းမှာ (၃)တင်းတစ်အိတ်လျှင်(၆၀၀၀၀)မှ(၆၅၀၀၀)ကျပ် ၀န်းကျင်ဈေးရှိပြီး ကုလားပဲဖြူလုံးကြီး(ခ)ဘီတူးပဲမှာ ပြီးခဲသည့်စက်တင်ဘာလက (၃)တင်းတစ်အိတ်လျှင် (၆၆၀၀၀ ၊ ၆၇၀၀၀)ကျပ် အထိပေါက်ဈေးရှိခဲ့သော်လည်း ယခုစက်တင်ဘာ လတွင် (၆၀၅၀၀)ကျပ်သာ ပေါက် ဈေးရှိသည်။

ထိုင်ဝမ်ကုလားပဲ ၊ ကုလားပဲဖြူလုံးကြီး(ခ)ဘီတူးနှင့် ပဲစင်းငုံများမှာ အိန္ဒိယ၀ယ်လက် ပုံမှန်ရှိ နေကြောင်းနှင့် အဆိုပါပဲများမှာ ဒေသစုံမှထွက်ရှိကြောင်း ကုန်စည်ဒိုင်အသင်းသားတစ်ဦးဖြစ်သူ ဦးမြင့်က ပြောကြားသည်။

  ဈေးအနည်းငယ် အပြောင်းအလဲရှိနေပေမဲ့ ၊ ၀ယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး အလုပ်တော့ ရှိနေတယ် ၊ အိန္ဒိယ တရုတ်ဝယ်လက်တွေနဲ့ လုပ်နေကြတာပါပဲ ” ဟု ၎င်းက ပြောသည်။

အလားတူမတ်ပဲဈေးကွက်တွင်လည်း ပြည်တွင်းပြည်ပ ဈေးကွက်ရှိနေသော်လည်း သြဂုတ်လအတွင်း အနိမ့်ဆုံး(၄၅၀၀၀)ကျပ်မှအမြင့်ဆုံး (၄၇၀၀၀)ကျပ်ထိ ဈေးရခဲ့သော်လည်း ယခုစက်တင်ဘာလတွင်မူ ကျပ်( ၄၃၀၀၀)မှ(၄၅၀၀၀)ကျပ်အထိသာ ပေါက်ဈေးရှိကြောင်း သိရသည်။

အလားတူ ပဲစင်းငုံ(ရွှေဘို) ဈေးနှုန်းများမှာ(၃)တင်း တစ်အိတ်လျှင် ကျပ်(၄၅၀၀၀)မှ ကျပ်(၄၆၀၀၀) ပေါက်ဈေးရှိပြီး ပဲစင်းငုံ(အနီ)မှာ ပြီးခဲ့သည့် သြဂုတ်လက ကျပ် (၆၅၀၀၀)မှ ကျပ်(၆၆၀၀၀)အထိ ဈေးပေါက်သော်လည်း ယခုစက်တင်ဘာလတွင် (၅၈၀၀၀)ကျပ်မှ (၆၀၀၀၀)ကျပ်ထိ ပေါက်ဈေးရှိ ကြောင်း သိရသည်။

Shwe Myitmakha Media

No comments:

Post a Comment