16 September, 2012

ဂျပန်နိုင်ငံမှ ကားဝယ်ခြင်း ဟူသည်..



ဂျပန်မှာ ကားဝယ်တာမပြောခင် မြန်မာပြည်မှာ ကားဝယ်ခဲ့ရတဲ့ အနေအထားကို အရင်လေ့လာရပါမယ်။ စာဖတ်သူတို့လည်း သိပြီးသား ဖြစ် မှာပါ။ ကားတစ်စီးဝယ်ဖို့ ကြားမှာ ပွဲစားလိုအပ်ပြီး သူကြိုက်၊ ကိုယ်ကြိုက် အံကိုက်ဖြစ်ရင် ရော့ ကားဆိုပြီး ပေးလိုက်ရင် အရောင်းအဝယ်ဖြစ်သွားပါပြီ။

သို့ပေမယ့် အစိုးရရဲ့ ပြောင်းလဲသွားတဲ့ ပေါ်လစီကြောင့် ကားကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်စီး တင်သွင်း ပိုင်ဆိုင်ခွင့်ရတဲ့အနေ အထားကို ရောက်ရှိသွားပါပြီ။ ဒီတော့ ယခင်နဲ့ ဘာတွေကွာသွားသလဲဆိုတာ အရမ်းသိသာပါတယ်။ သိန်း ထောင်ချီပေးရတဲ့ ကားတွေ သိန်း ရာဂဏန်းပဲ ကျန်ရှိပါတော့တယ်။ ပေးရတဲ့ အခွန်ပမာဏတွေ အရင်ကလို အကြီးကြီး မဟုတ်တော့ပါဘူး။ အကန့်အသတ်နဲ့ ရှိနေပေမယ့် ကားဝယ်တယ်ဆိုတာ အရင်ကလို ခက်ခဲတဲ့ အလုပ်တစ်ခုမဟုတ်တော့ပါဘူး။ ဒီတော့ သာမန် လူတစ်ယောက်က ကားဝယ်မယ်ဆိုရင် ယနေ့ချိန်မှာ သွားစရာ နေရာ သုံးခု ရှိသွားပါတယ်။ ကားပွဲစားတန်း၊ ကားအရောင်းစင်တာ၊ ကားလေလံ ဝန်ဆောင်မှု စတာတွေ ဖြစ်ပါတယ်။ လက်ထဲမှာ ဘာမှ မရှိလို့ ကားသွားဝယ် တဲ့ သူနဲ့ နှစ် ၂၀ ပြည့်လို့ အရည်ကြိုစက်ရုံပို့ရမယ့် ကားရှိနေလို့ ပြန်လဲချင်လို့ ဝယ်မယ့် သူနဲ့ နှစ်မျိုးကွဲသွားပြန်ပါတယ်။ ဒီတော့ အစိုးရထုတ်ပြန်ပေး တဲ့ ပေါ်လစီက လည်း နှစ်မျိုးကွဲသွားပါတယ်။ အကြမ်းဖျင်းအားဖြင့် လက်ထဲမှာ ဘာမှမရှိပဲ အသစ်ဝယ်ခွင့် (Free Permit) နဲ့ ကားဟောင်းပြန် အပ်ရငွေ (ကားဟောင်းစ လစ်) နဲ့ ကားဝယ်ခွင့် ဖြစ်ပါတယ်။ မြို့ တော်အင်္ဂါ ရပ်နဲ့ ညီအောင် သက်တန်း ၂၀ ပြည့်ပြီးကားတွေကို ရှင်းထုတ်နေပါပြီ။ အဟောင်းပိုင်သူ များအတွက် အသစ်ရဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်စပ်မှု တစ်ခုရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေ ရန် ချေးငွေပေါင်း မြောက်များစွာ ချေးထားပါတယ်။ မြန်မာပြည်ရဲ့ ပြောင်းလဲ သွားတဲ့ နိုင်ငံရေး ပေါ်လစီကြောင့် ပိတ်ဆို့နေတဲ့ စီးပွားရေးလမ်းတွေ ပွင့်လာခြင်းနဲ့အတူ ဂျပန်နိုင်ငံမှလည်း မြန်မာနိုင်ငံအပေါ် ချေးငွေနဲ့ ပက်သက်လို့ လျော့ပေါ့ပေးတာ တွေအများကြီး လုပ်လာပါတယ်။ အဲဒီထဲက မော်တော်ယာဉ် ကိစ္စလည်းပါဝင်ပါ တယ်။ ချေးငွေများ ကို လျော့ပေါ့ပေးပြီး တစ်ဖက်ကလည်း ဂျပန် တစ်ပတ်ရစ် ကားဈေးကွက် ကို မြန်မာတို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့လည်း မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုတွေ တိုးမြင့်လာစေပါတယ်။ ဒီတော့ ချေးငွေတွေလည်း ကြေ၊ ကားအပျက် အဟောင်းတွေ ပြင်မောင်းနေ တာထက် စာရင် တစ်ပတ်ရစ်ကားလေး သုံးရတာ ဆိုတော့ Used Car ဈေးကွက်တွေ အင်မတန် ကြီးလာပါတယ်။

တစ်ပတ်ရစ်ကားဈေးကွက်က ဝယ်လို့ မျက်နှာငယ်စရာတော့ မရှိပါဘူး။ ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားတွေကို ရုရှားလို ဥရောပ နိုင်ငံကြီးတောင် မှာယူ သုံးစွဲပါတယ်။ တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္မဏီ လိုက် သော်လည်းကောင်း ဝယ်ယူမှာယူမှုများကြောင့် ဂျပန်ကားဟောင်းကို ခပ်ရိုးရိုးတန်း ရောင်းရာကနေ ဈေးများများ ပိုပေးသူကိုရောင်း တဲ့ လေလံဈေးကွက်ကြီး ဖြစ်ပေါ်လာပါတော့တယ်။.ဒီတော့ ဂျပန်ကနေ ကားလေလံဆွဲ တယ်ဆိုတာကို စဖတ်သူတို့ သေသေချာချာနားလည်ထားမှ ဘယ်လိုကားဝယ်ရမယ်ဆိုတာ သိရှိနားလည် လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားအကြောင်းလည်း သိရန်လိုအပ်ပါတယ်။ ကားအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံစာရင်းထဲမှာ ဂျပန်ပါဝင်ပါတယ်။ တိုယိုတာ၊ နစ်ဆန်း၊ မစ်ဆူဘီရှီ၊ ဟွန်ဒါ၊ မာဇာဒါ၊ ဆူဇူကီး အစရှိတဲ့ ဂျပန်ဖွား ကားထုတ်လုပ်ရေး ကုမ္မဏီကြီးများအပြင် အခြား ကားထုတ်လုပ်ရေး ကုမ္မဏီငယ်များလည်း ရှိနေပါတယ်။ ဒါတင်မကသေးပဲ ဥရောပ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယားတို့က လာတဲ့ ကားစက်ရုံခွဲ ငယ်လေး တွေလည်း ရှိနေပြန်ပါသေး တယ်။ ပြည်ပ တင်ပို့ခြင်း အပြင် ပြည်တွင်းသုံးဖို့အတွက်လည်း ပိုလျှံနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံအရွယ်စားကလည်းငယ်၊ လူဦးရေကလည်း ထူထပ်၊ ကားအစီးရေကလည်း များဆိုရင်တော့ နိုင်ငံအတွက် တွက်ချေမကိုက်ပါဘူး။ ဆိုးကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ဒီတော့ ကားသစ်ဝယ်စီးချင်ရင် ကားဟောင်း မဖြစ်မနေရောင်းကြရပါတယ်။ ဝယ်ထားတဲ့ ကားအပေါ်ကို လည်း အခွန်ခ ဈေးတွေ တော်တော်များ များ သတ်မှတ်ထားပါတယ်။ ဥပမာ- တစ်နှစ်မောင်းပြီးတဲ့ ကားဆိုရင် အခွန်တော်တော်ကြီးသွား ပါပြီ။ ဒီတော့ ကားနောက်တစ်စီ ပြောင်းမဝယ်သေးရင်တော့ လက်ထဲမှာရှိနေတဲ့ ကားကို ပြန်ရောင်းတတ်ကြ ပါတယ်။ အကြာကြီးလည်း မစီးကြပါတယ်။

အချို့  ဆို လပိုင်းသာစီးပြီး မကြိုက်လို့ လေလံဈေးထဲ ပို့ပစ်ပါတယ်။ အချို့ ကျ တော့ တစ်နှစ်နဲ့ မောင်းနှင်ပြီး ကားအဟောင်းဈေးထဲ ပို့လိုက်ပါတယ်။ အခြား အကြောင်း ကိစ္စများ ကြောင့်လည်း ကားလေလံဈေးထဲကို ပို့ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင်တဲ့ ဥရောပ ပြိုင် ကားတွေတောင် တွေ့ရတတ် ပါတယ်။ ဒီတော့ သူတို့ဆီမှာ တစ်ပတ်ရစ် ကားဆိုတာ မြန်မာပြည်က နှစ် ၂၀ကားတွေနဲ့စာရင် အများကြီး ကောင်း ပါတယ်။

ဒီတော့ ဂျပန်နိုင်ငံရဲ့ ကားအဟောင်းဈေးကွက်ကလည်း နိုင်ငံဝင်ငွေ ရှာပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ကားလေ လံဈေးကွက်ကို ဥရောပ တင်မကပဲ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ ကိုပါ ရောက်ရှိလာအောင် ဂျပန်တို့ အမျိုးမျိုး စွဲဆောင်ပါတယ်။ ဥပမာ- မြန်မာကို ချေးငွေတွေ လျော့ပေါ့ပေးပြီး ကားအဟောင်းဈေးကွက် (လေလံဈေးကွက်) ထဲ ရောက်လာအောင် ခေါ်ဆောင်တာမျိုး တို့ ဖြစ်ပါတယ်။ ဒီတော့ တစ်ပတ်ရစ်သုံးရတဲ့ မြန်မာတွေဟာ ဒီလောက်နဲ့ ကျေနပ်ကြရပါတယ်။ ကားအသစ်ဝယ်ရင်တော့ တစ်ခုခုဖြစ်ရင် အာမခံရှိတာကြောင့် အခမဲ့ပြန်ပြင်ပေးတာမျိုး၊ ဝန်ဆောင်မှု နှစ်လ ရှည်ကြာစွာ ပေးတာမျိုးတို့ လုပ်ပေးပါတယ်။ ကားအဟောင်းကျတော့ ဒီလိုအခွင့်အရေးတွေ မရပါဘူး။

ဂျပန်ကားလေလံဈေးကွက်မှာက ကားရဲ့ အခြေအနေအားလုံးကို စစ်ဆေးပြီး အခြေအနေအားလုံးကို ဖော်ပြထားတယ်။ ကြိုက်ရင်ဝယ်၊ မကြိုက်ရင်မဝယ်။ အားလုံးနည်းစနစ်နဲ့လုပ်ပါတယ်။ ဝယ်ပြီး တစ်ခုခုဖြစ်မှ ပြန်လာတာမျိုး လုံးဝ လက်မခံ- ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ဝယ်ယူပြီး ကုန်ပစ္စည်း အတွက် အာမခံချက်မရှိပါဘူး။ ဒါကြောင့်လည်း မဝယ်ခင်ကတည်းက လည်း သေချာသိအောင် ကားအဟောင်းဈေးကွက် မှ မော်တော်ယာဉ် ကျွမ်းကျင်ပညာရှင်များက သေချာစစ်ဆေးပြီး သူ့ရဲ့ အရှိတိုင်း ကို ဖော်ပြပြီး သား ဖြစ်ပါတယ်။ တစ်နပ်စား လုပ်တာမဟုတ်တဲ့အတွက် မကောင်းတဲ့ ကားကို ကောင်းတယ်လို့ ဖော်ပြရိုးထုံးစံလည်း သူတို့မှာ မရှိပါဘူး ။ နိုင်ငံကြီးပီပီ နည်းစနစ် ကျကျလုပ်ပါတယ်။. ဒီတော့ စိတ်ကြိုက်ကား တွေ့ဖို့ကျတော့ ဝယ်သူရဲ့ တာဝန်သာ ဖြစ်ပါတော့တယ်။ အာမခံမရှိဘူးဆိုပြီး သူတို့လက်ထဲမှာ ရှိနေတုန်း ကောင်းကောင်း စစ်ဆေးပြီး Condition ထုတ်ပေးထားပါတယ်။

ဂျပန်နိုင်ငံမှာ ပြည်နယ်အသီးသီးကွဲသလို ယင်းပြည်နယ်အသီးသီးမှာလည်း ကားလေလံဈေးအသီးသီး ရှိပါတယ်။ ယင်းကားတွေကို နိုင်ငံခြားတိုင်းပြည် ဂျပန်အထိ လာဝယ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ တော်တော်များများက အင်တာနက်ကနေ ဝယ်ယူတာ ဖြစ်ပါတယ်။ ဂျပန်ကားလေလံဈေး ကွက် တွေက လေလံဝဘ်ဆိုဒ်တွေ လွင့်ထားပါတယ်။ ယင်းလေလံ ဝဘ်ဆိုဒ်တွေထဲမှာ သူ့တို့ဆီက ကားတွေကို တင်ပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ကတော့ ဂျပန်နိုင်ငံတစ်ဝန်းက လေလံဈေးကွက်တွေ အားလုံးကကားတွေကို ကားလေလံဝဘ်ဆိုဒ်တစ်ခုတည်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလို ဝန်ဆောင်မှုပေးတဲ့ ဝဘ်ဆိုဒ်က တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ ကားအဟောင်းဈေးကွက်ပိုင်ရှင်များကို ကားလေလံ ဝဘ်ဆိုဒ် ဝန်ဆောင်မှုက လက်တွဲ လုပ်ပါတယ်။


ကားအဟောင်း ကိုင်ထားတဲ့ လူရဲ့ လက်ထဲမှာ ဘာဖောက်သည်မှ မရှိပါဘူး။ သူတို့က ဆိုင်ဖွင့်တဲ့ အနေအထားပဲ ရှိပါတယ်။ တကယ် ရောင်းဖြစ်အောင် ကျတော့ ယင်းဝန်ဆောင်မှု ဝဘ်ဆိုဒ်တွေက လုပ်ပေးပါတယ်။ ဒီတော့ ဒီမှာလည်း ဒီကားစာရင်းတွေတင်၊ ဟိုမှာလည်း ဒီကားစာရင်း တွေတင် ဆိုတော့ တစ်နေရာမှာ လေလံဆွဲတာ နဲ့ နောက်တစ်နေရာနဲ့ ထပ်နေမလားလို့ ထင်မြင်စရာ ရှိပါတယ်။ အမှန်တော့အဲလို မဟုတ်ပါဘူး။ Main Server တစ်ခုက ကားလေလံစာရင်း အဝင်အထွက်အားလုံးကို ကိုင်ထားပြီး ကျန်တဲ့ အခွဲလေးတွေက ယင်း Main Server ကိုချိတ်ထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ လေလံဆိုဒ်တစ်ခု က လေလံဆွဲလိုက်ပြီ ဆိုရင်လည်း အခြား ဆိုဒ်က မြင်နိုင်၊ သိနိုင်ပါတယ်။

ဒီတော့ ကားလေလံဘယ်လိုဆွဲတယ်ဆိုတာကို သိရန်လိုအပ်လာပါတယ်။ အင်တာနက်မှာ ကားလေလံဆွဲ တာကို ဂျပန်တို့ ဥာဏ်ကောင်းကောင်းနဲ့ လုပ်ထားပါတယ်။ မောက်စ့်နဲ့ ကလစ်တစ်ချက်ခေါက်ရင် ငွေရောက် သွားတာမျိုးက မသေချာပါဘူး။ ဥပမာ- လက်ဆော့တတ်တဲ့ ကလေးတစ်ယောက် က မောက့်စ်ကိုင်တတ်ရင်ကို လေလံဆိုတာ ဆွဲလို့ရတော့ မလိုးလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ ကားလေလံဆွဲဖို့ Joy Stick ကိုအသုံးပြုရပါတယ်။ Joy Stick ဆိုတာ ကားထဲမှာဆိုရင် ဂီယာထိုးတဲ့ အတံလိုမျိုး ဖြစ်ပါတယ်။ အတံမှာ ခလုပ်ပါသေးတယ်။ ယင်းခလုပ်ကို နှိပ်ပြီး အနောက်ကို ဆွဲရပါတယ်။ ဒီတော့ ယင်းကဲ့သို့ ခလုပ်နှိပ်တံကို ဘယ်သူတွေ ကိုင်ရမလဲဆိုတာ သိဖို့လိုအပ်လာပါတယ်။ ယင်းအတံတွေကို ကားလေလံဈေးကွက်မှာ ဝယ်ခွင့် တရားဝင်မှတ်ပုံတင်ထားရပါမယ်။ ပြီးတော့ ခလုပ်နှိပ်လိုက်ရင် မိမိဘဏ်က ငွေစာရင်းတွေ အလိုအလျောက် ဆီးကူးတဲ့အတွက် မိမိမှာ ဘဏ်ငွေ စာရင်းရှိရပါအုံးမယ်။ ပြီးတော့ ယင်းဝဘ်ဆိုဒ်ကိုအသုံးပြုဖို့အတွက် အသုံးပြုခွင့် Member ဝင်ရပါအုံးမယ်။ အကြမ်းဖျင်းကတော့ ဒါပဲ ဖြစ်ပါ တယ်။ သူက အဓိကထိန်းဖြစ်ပါတယ်။ နောက်မှ ဝယ်ယူလို သူတွေက Joy Stick ကိုင်ထားသူဆီကို နောက်တစ် ဆင့် ပြန်သွား ရပါတယ်။

ဒီတော့ Joy Stick ကိုင်ထားသူကလည်း မောက့်စ် ကလစ်တစ် ချက်ခေါက်လိုက်ရင် ငွေဝင်မယ့် စနစ်ကို အသုံးပြုရပြန်ပါတယ်။ ဥပမာ - ကားဝယ်ယူလိုသူက မောက့်စ် ကလစ်တစ်ချက် ခေါက်လိုက်ရင် သူ့ဘဏ်အကောင့်မှ ငွေက Joy stick ကိုင်ထားတဲ့သူရဲ့  ဘဏ်ငွေ အကောင့်ဆီ စီး ဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီမှာ လက်လွန်ပြီး ခလုပ်နှိပ်မှားတယ်လို့ ပြောလို့မရပါဘူး။ မှားတယ် မဝယ်ဘူး ဆိုရင်တောင် လျောကြေးငွေကို လေလံဆွဲ အတံ ကိုင်ထားသူက ရရှိသွားမှာ ဖြစ်ပါတယ်။ ကားလေလံဈေးကွက်ကိုသာ မော့က်စ်ကလစ် တစ်ချက်ခေါက်လို့ ကားဝယ်ရတဲ့ စနစ်သာထားရင် အားလုံး ကမောက်ကမ ဖြစ်နိုင်တဲ့အတွက် ကြားမှာ Joy Stick ကိုင်သူ တစ်ဆင့်ခံထားပါတယ်။ ဒီတော့ အားသာချက် က လေလံမဆွဲဖြစ်ဘူး ဆိုရင်တော့ အချိန်မှီ ပြန်အကြောင်းပြန်နိုင်လို့ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်မှာလည်း ကားလေလံဝန်ဆောင်မှု လုပ်ငန်းတွေ ရှိလာပါတယ်။ အချို့ ကားလေလံဝန်ဆောင် မှု စင်တာတွေမှာဆိုရင် ယင်း လေလံဆွဲအတံ (Joy stick) ကိုခင်းကျင်းပြသ ထားပါတယ်။ ဒါဟာ ဟန်ရေးပြ သဘောပဲ ရှိပါတယ်။ တကယ် အသုံးမဝင်ပါဘူး။ Joy Stick ကိုင်ထားဖို့ ဆိုတာ ဂျပန်နိုင်ငံက တော်ရုံ အေဂျင်စီ တစ်ခုတောင် မလုပ်နိုင်ပါဘူး။ ဒီတော့ ကားဝယ်သူ စာဖတ်သူများအနေနဲ့ ဒါကို သိထားစေချင်ပါတယ်။

ကားလေလံဆွဲဖို့အတွက် မြန်မာပြည်က ကားအရောင်းစင်တာများ၊ ဝန်ဆောင်မှုလုပ်ငန်းများက ကားလေလံ ဝဘ်ဆိုဒ်တွေဝင်ကြည့်ရပါတယ်။ ယင်းဝဘ်ဆိုဒ်တွေက ဒီတိုင်းဝင်ကြည့်လို့မရပါဘူး။ ရတယ်ဆိုရင် တော့ အပြည့်အဝမဟုတ်ပါဘူး။ ပိုက်ဆံပေး အကောင့်ဖွင့်ထားမှာ ဝင်ကြည့်လို့ ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီတော့ အကောင့်ကို ဂျပန်ဝဘ်ဆိုဒ်ကနေ ဝယ်ပြီး ဒီမှာ တစ်ဆင့် ပြန်သုံးကြပါ တယ်။ ပြီးတော့ လေ လံဆွဲပါတယ်။ ဒီတော့ မြန်မာပြည်ကနေလည်း လေလံဆွဲလို့ ရတာပါလားလို့ ထင်စရာ မရှိပါတယ်။ အမှန်တော့ မရပါဘူး။ ဘာလို့လည်းဆို လေလံဆွဲခွင့်က လက်ထဲမှာ မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ လေလံဆွဲဖို့အတွက် ဂျပန်လေလံ ဝဘ်ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားရမယ့်အပြင် ဂျပန်နိုင်ငံမှာလည်း တစ်ဆင့်လေလံဆွဲပေးမယ့် လူခံလည်း ရှိလို့ လိုအပ်လာပြန်ပါတယ်။ ဒီတာ့ မြန်မာပြည်ကနေ လေလံဆွဲတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သို့ပေမယ့် ရှားရှားပါးပါး ပိုက်ဆံပေးကြည့်စရာမလိုပဲ အခမဲ့ ဝင်ကြည့်လို့ရ မယ့် ကားလေလံဝဘ်ဆိုဒ်တစ်ခုတော့ ယခုနှစ် အတွင်း ပေါ်ပေါက် လာပါတယ်။ ဒီတော့ ကားအရောင်းစင်တာတွေလို ပိုက်ဆံပေးနိုင်သူမှသာ ကြည့်လို့ ရတဲ့အနေအထားမဟုတ်တော့ပဲ လူတိုင်း ဝင်ကြည့်လို့ရတဲ့ ကားလေလံ ဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါတယ်။ ဝဘ်ဆိုဒ်လိပ်စာကတော့

http://www.colayonline.com.mm/automobile/

ဖြစ် ပါတယ်။ တကယ် ရှားရှားပါးပါးပါပဲ။ ဂျပန်နိုင်ငံက သာမန် ကားလေလံဝဘ်ဆိုဒ်တစ်ခုလို အသုံးပြုလို့ရပါတယ်။ ဒီတော့ ဝဘ်ဆိုဒ်တည်ထောင်သူ လုပ်ငန်းရှင်ကို စာရေးသူ ဆက်သွယ်မေးမြန်းချက် အရ အောက်ပါအတိုင်း သိရပါ တယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဖြစ်ပြီး ဂျပန်လေလံဈေးကွက်တိုင်းကို ချိတ်ထားတဲ့ ကားလေလံဝဘ်ဆိုဒ် တစ်ခု ထောင်ဖို့ အရင်ကတည်းက စိတ်ကူးထားတာ ဖြစ်ပါတယ်။ အခုတော့ တကယ်အကောင်အ ထည်ဖော်နိုင်ခဲ့ပြီး လူတိုင်း အခမဲ့ ဝင်ကြည့်လို့တယ်လို့ ဆိုပါတယ်။ လေလံ ဆွဲခွင့်ကတော့ ဝဘ်ဆိုဒ်မှ ကိုင်ထားပြီး လေလံဆွဲချင်ရင် လေလံဆွဲမယ့် ကား ကုဒ်နံပါတ်ကို မြန်မာပြည်ရုံးခွဲထံ ဖုန်းဆက်ပြောရုံပဲ ဖြစ်ပါ တယ်။သူ့ ရဲ့  Facebook လိပ်စာကတော့ -

https://www.facebook.com/ColayOnline.Automobile

ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်က လူတိုင်း ပိုက်ဆံပေးစရာ မလိုပဲ မိမိနှစ်သက်ရာကား ကို အင်တာနက်သုံးလို့ရတဲ့ နေရာတိုင်းကနေ ဝင်ကြည့်လို့ ရပါတယ်။ ကားလေလံဝန်ဆောင်မှုကုမ္မဏီများဆီ သွားဖို့မလိုအပ်တော့ပါဘူး။ ဒီလို ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီ ခပ်များများ ပေါ်ပေါက်လာရန် လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်ခုတည်း ဖြစ်နေပြီး အခြား ဝန်ဆောင်မှုလုပ်ငန်းများက ဂျပန်လေလံဝဘ်ဆိုဒ်တွေမှာ အကောင့်ဝယ်ပြီး ဝင်ကြည့်ရတာ ဖြစ်ပါတယ်။ ဒါမျိုးများများ ပေါ်ပေါက်လာရင် ရရှိလာမယ့်အကျိုးကျေဇူးက သာမန် အခြား ဥရောပနိုင်ငံသားများ၊ အခြား လေလံဆွဲသူများနဲု့ တန်းတူ အခွင့်အရေး ရရှိခြင်း ဖြစ်ပါတယ်။

ကားလေလံဆွဲပြီဆိုပါစို့။ ဂျပန်နိုင်ငံ လေလံဈေးကွက်မှာ နာရီတိုင်း ကားအစီးရေ ထောင်ချီမကဝင်နေပါတယ်။ လေလံဆွဲသူတွေကလည်း ကမ္ဘာတစ်လွှားကနေ စောင့်ကြည်နေပါတယ်။ ဒီတော့ Joy Stick ကတော်တော် အလုပ်လုပ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ နာရီနဲ့ သတ်မှတ်ထားပါ တယ်။ လက်ရှိအကြမ်းဖျင်း ကတော့ ဂျပန်လေလံဈေး ကွက်မှာ ညနေပိုင်း အချိန်တစ်ခုမှာ လေလံပွဲချိန်၊ စာရင်းပိတ်ချိန် သတ်မှတ်ထားပါ တယ်။ နောက်အကျဆုံးကတော့ ည ၁၁ နာရီ ဖြစ်ပါတယ်။ ဒါက လေလံဝန်ဆောင်မှု ကုမ္မဏီတွေအပေါ် မူတည်ပါ တယ်။ ကိုယ်ကြိုက်ရာကားရွေးပြီး ဈေးနှုန်း ကိုယ်နိုင်သလောက်ပေး ထားရပါတယ် ။ လေလံဖွင့်ချိန်မှာ တော့ ကွန်ပျူတာ Server ကငွေအများဆုံးပေး သူကိုကြည့်ပြီး အလိုအလျောက် ရွေးချယ်သွားပါတယ်။ ဒီမှာ လာဘ်ထိုး တယ်။ လာဘ်စားတယ်လည်း မရှိပါဘူး။ ကွန်ပျူတာစနစ်နဲ့ အလုပ်လုပ်သွား တာ ဖြစ်ပါတယ်။ ယန်းငွေကို အသုံးပြုပါတယ်။ ၁ယန်းလောက် ပိုပေးရင်လည်း ပေးသူက ရပါတယ်။ ဒါကြောင့် လေလံဈေးကွက် က အနိမ့်ဆုံး သတ်မှတ်ထားတဲ့ တန်ဖိုးတဲ့ ပိုပေးပြီး လေလံဆွဲကြရပါတယ်။

လေလံဆွဲလို့ မြန်မာပြည်က ဝယ်သူဟာ ကားတစ်စီးရသွားပြီဆိုပါစို့။ ဂျပန်ကနေ မြန်မာပြည်ရောက်အောင် ပို့ဖို့ ခေါင်းစားရပြန်ပါတယ်။ ဒီတော့ ကားလေလံဈေးက ကိုယ့်ကားကို မြန်မာပြည် ရောက်အောင် ဂျပန်ဆိပ်ကမ်း အရင်ပို့ပါတယ်။ ပြီးတော့ မြန်မာဆိပ်ကမ်းကို ရောက်အောင် သင်္ဘောနဲ့ တင်ပါတယ်။ ဂျပန်နိုင်ငံ၊ ပြည်နယ် အသီးသီးမှာ ဆိပ်ကမ်းအသီးသီး ရှိပါတယ်။ နီးစပ်ရာ ဆိပ်ကမ်းက အမြန်ဆုံးထွက်တဲ့ သင်္ဘောနဲ့ တင်ရပါ တယ်။ အနည်းဆုံး တစ်လနဲ့ ၁၅ ရက်တော့ ကြာပါတယ်။ ဒီတော့ ယင်းကြာချိန်နဲ့ လေလံဆွဲတဲ့ ခေါင်းစားစရာကို တာဝန်ယူပေးမယ့် ကားအရောင်းစင်တာတွေ ပေါ်ပေါက်လာပါတယ်။ ကားအရောင်း စင်တာမှာက လေလံဆွဲပြီးသားတွေ ခင်းကျင်းပြသ ထားပါတယ်။ ကိုယ်ကြိုက်ရာ ရွေးဝယ်ရုံပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ခေါင်းအစား ခံထားရတဲ့ အဖိုးအခကို ကားထဲမှာထည့်တွက် လိုက်ပါတယ်။

ကားလေလံဝန်ဆောင်မှုလုပ်ငန်းကျတော့ ဝယ်သူနဲ့ မျှတူ ခေါင်းအစား ခံပေးတဲ့အတွက် အရောင်းစင်တာမှာ ဝယ်တာနဲ့စာရင်တော့ ဈေးအများကြီး သက်သာပါတယ်။ တစ်လကျော်စောင့်ရ တာဖြစ်တဲ့အတွက် လည်း ငွေပို မယူပါဘူး။ စင်တာမှာဝယ်တာထက်စာရင် အနည်းဆုံးတော့ ၁၀ ဂဏန်း သက်သာပါတယ်။ ဒီတော့ ဝယ်သူအနေနဲ့ ဝန်ဆောင်မှုတွေမှာ ကိုယ်တိုင် လေလံဆွဲဝယ်မလား၊ အရောင်းစင်တာမှာပဲ ဝယ်မလား၊ ကားပွဲစားတန်းမှာပဲ ဝယ်မလား သုံးမျိုးကွဲသွားပါတယ်။ ကားပွဲစားတန်း လည်း ယနေ့တိုင် ရှိနေပါသေးတယ်။ ယခင်ကလောက် မစည်ကားတော့ပေမယ့် သူ့နေရာနဲ့ သူတော့ အရောင်းထွက်နေ ဆဲ ဖြစ်ပါ တယ်။

ဂျပန်က ဝယ်ကားကို သင်္ဘောနဲ့ပို့တာတောင် ရွေးချယ်စရာ နှစ်မျိုး ရှိလာပြန်ပါတယ်။ ကားသင်္ဘောနဲ့ ကွန်တိမ် နာ ဖြစ်ပါတယ်။ ကားသင်္ဘော ပဲအသုံးများပါတယ်။ မြန်လို့ ဖြစ်ပါတယ်။ ပြီးတော့ ဈေးလည်း သက်သာလို့ ဖြစ်ပါ တယ်။ ကွန်တိန်နာကတော့ ဈေးအနည်းငယ်မြင့်မား တာတစ်ခုတော့ တွေးစရာ ရှိပါတယ်။ ကားအကောင်း၊ ဈေးကြီးကြီး ဝယ်တာဆိုရင်တော့ ကွန်တိန်နာနဲ့တင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ခရီးတစ်လျှောက် လုံခြုံစိတ်ချရပါတယ်။ ရာသီဥတုကြောင့် ပျက်ဆီးမှုနည်း ပါတယ်။

ဒါက ဂျပန်ကားလေလံဈေးကွက်ကို သာမန်လူတစ်ယောက်က သိရှိနားလည်ရန် ဖြစ်ပါတယ်။ ကားလေလံဝဘ်ဆိုဒ်ကို ဝင်ကြည့်မယ် ကိုယ်ကြိုက် ရာ ကားရွေးမယ်။ ယင်းကားကို ဝယ်ဖို့ ကြားခံဝန်ဆောင် မှုလုပ်ငန်း၊ ကားလေလံဝဘ် ဆိုဒ် ကုမ္မဏီကိုအကြောင်းကြား မယ်၊ ငွေ ထုတ်ပေးမယ်။ ဒါဆိုရင် အားလုံး ပြီးသွားပါပြီ။ အားလုံး ပြီးပြီရယ်လို့တော့ မဟုတ်ပါဘူး။ မြန်မာပြည်ရောက်လာရင် စာရွက်စာတန်းကိစ္စတွေ လုပ်ရပါသေးတယ်။ ဒီအဆင့်တွေကိုတော့ နောက်မှပဲ ဖော်ပြပြီး ဂျပန်က ကားလေလံဆွဲပုံကို ဒီလောက်နဲ့ နိဂုံးချုပ်လိုက်ရပါတယ်။
---
Ref:အောင်ခမ်း (TSJ team) 

No comments:

Post a Comment