06 February, 2013

သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား ကုသခွင့်လိုင်စင် ငါးနှစ်ပိတ် ...


လူနာသေဆုံးခဲ့သည့် မှားယွင်းကုသမှုကြောင့် မီဒီယာများတွင် ဖော်ပြခံရပြီး ကုသခွင့်လိုင်စင် ပိတ်သိမ်းခံရသော ဒုတိယမြောက်ဆရာဝန်ဖြစ်
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သားဖွားမီးယပ်ဆရာဝန်တစ်ဦးအား လူနာ၏ ကိုယ်ဝန်စောင့်ရှောက်စဉ်၊ မွေးဖွားချိန်နှင့် မွေးဖွားပြီးချိန် မှားယွင်းမှုများကြောင့် ဆေးဝါးကုသခွင့်လိုင်စင် ငါးနှစ်ပိတ်သိမ်း လိုက်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်သည်။

၂၀၁၀ ပြည့်နှစ်ကတည်းက ထိုမှားယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ်တစ်ဦး မွေးဖွားပြီး တစ်ပတ်အတွင်း သေဆုံးသွားခဲ့ပြီးနောက် လူနာရှင်ဘက်က တိုင်တန်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဆေးကောင်စီမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုလအတွင်း ဆေးဝါးကုသခွင့်လိုင်စင် ပိတ်သိမ်းအရေးယူလိုက်ခြင်းဖြစ်သည်။
“ဥပဒေကြောင်းအရ ဆရာဝန်တစ်ယောက်ကို အရေးယူတယ်။ ဘာကြောင့် အရေးယူတယ်ဆိုတာကို အများပြည်သူကို ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး” ဟု ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါ ဖြစ်စဉ်အား နစ်နာသူဘက်မှ လွန်ခဲ့သည့် တစ်နှစ်ကျော်က စာနယ်ဇင်းရှင်းလင်းပွဲများ ပြုလုပ်၍ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ကြိုးစားခဲ့သော်လည်း စာပေစိစစ်ရေးမူဝါဒများကြောင့် ဂျာနယ်တစ်စောင်တွင်သာ ဖော်ပြခဲ့သည်။
ထိုဆရာဝန်အား လိုင်စင်ပိတ်သိမ်းထားသည့် အကြောင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံးစသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးထံသို့ အကြောင်းကြားထားပြီး ဖြစ်သည့်အတွက် နောက်ထပ်ပြောကြားရန် မရှိကြောင်း ဆေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။
လိုင်စင်ပိတ်သိမ်းခံရသည့် သားဖွားမီးယပ် ဆရာဝန်အမျိုးသမီးသည် လူနာဖြစ်သူအား ကိုယ်ဝန်စောင့်ရှောက်စဉ် ခန့်မှန်းမွေးဖွားရက် တွက်ချက်ရာတွင် မှားယွင်းခြင်း၊ ခွဲစိတ်မွေးဖွားရန် ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ ခွဲစိတ်ခြင်း မပြုခင် လူနာအား လုံလောက်သော ရှင်းပြခြင်းမရှိခြင်းနှင့် ခွဲစိတ်မွေးဖွားပြီးနောက် ကလေးနုနေမှန်းသိပြီး လုံလောက်သော
ကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့် ဆက်ဆံရာတွင် လိုအပ်ချက်များ ရှိနေခြင်းများရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံ ဆေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဒီဖြစ်စဉ်က ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ သေချာမသိပါဘူး။ နေရာတိုင်းမှာတော့ဖြစ်နေတယ်။ အဲဒီအတွက် လူနာတွေဘက်ကိုလည်း မနစ်နာအောင်၊ဒီလိုပြဿနာတွေဖြစ်လာရင်အကြောင်းကြားတိုင်တန်းနိုင်တဲ့နေ ရာမျိုးတွေ လိုအပ်တဲ့အပြင် ဆရာဝန်တွေဘက်ကိုလည်း တရားတပေါင်ဖြစ်လာရင် ကူညီဖြေရှင်းပေးမယ့်အဖွဲ့အစည်းတွေနဲ့ ဘက်မျှအောင်လုပ်ဖို့လိုတယ်လို့ထင်တယ်” ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် အထွေထွေရောဂါကုဆရာဝန်လည်းဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
၂၀၀၉ ခုနှစ်အတွင်းကလည်း ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အူအတက်ရောင်ရောဂါ မှားယွင်းကုသမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့သည့်အတွက် ထိုကုသခဲ့သည့် အထူးကု ဆရာဝန်အား လိုင်စင်ပိတ်သိမ်း အရေးယူခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုဖြစ်စဉ်ပြီးနောက် အလားတူ ပြဿနာများ မကြာခဏ ပေါ်ပေါက်လာပြီး အရေးယူတိုင်ကြားမှုများလည်း ရှိလာသည်။
ပြဿနာဖြစ်ပွားမှ အရေးယူခြင်းဖြင့် နှစ်ဦးနှစ်ဖက် ပြဿနာပိုမိုကြီးထွားလာစေသည့်အတွက် ဆရာဝန်များကလည်း ဆရာဝန် ကျင့်ဝတ်အား လိုက်နာရန်နှင့် လူနာဘက်တွင်လည်း အခြေအနေတစ်ခုတွင် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲအခြေအနေများအား သိရှိသည့်အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဆက်လက်ပြောသည်။
 7Day New Journal

No comments:

Post a Comment