12 January, 2013

သုံးခွမြို့တွင် လောင်းကစားများ စီးပွားရေးလုပ်ငန်းတရပ်အဖြစ် ပိုမိုတွင်ကျယ်လာ...


စိုက်ပျိုးရေးကိုအခြေခံသောရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသုံးခွမြို့နယ် တွင် ပုံမှန်စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင်သူနည်းပါးလာပြီး ဒေသခံ အများစု၏ နေ့စဉ်နေထိုင်စားသောက်မှု အတွက် အားထားရာ စီးပွားရေးလုပ်ငန်းအဖြစ် လောင်းကစားလုပ်ငန်းများက အစားထိုး နေရာယူလာကြောင်း သုံးခွမြို့ နယ်ရှိဒေသခံများက ပြောသည်။
လတ်တလောတွင် လောင်းကြေးငွေ ကျပ်လေးသိန်းမှ ဆယ်သိန်းအထိ အလောင်းအစားပြုလုပ်သော ကြက်ပွဲများမှာ တစ်လတွင် သုံးကြိမ်ခန့် အနည်း ဆုံးရှိနေကြောင်း သုံးခွမြို့နယ် ကျားဘိုကျေးရွာမှ ဦးစံလင်းက ပြောသည်။
သုံးခွမြို့ပေါ်မှ မော်တော်ဆိုင်ကယ် အငှားမောင်းသူတစ်ဦးက အဆိုပါကြက်ပွဲများသို့ သုံးခွဒေသခံများသာမက နီးစပ်ရာ မြို့နယ်များဖြစ်သော ခရမ်းနှင့်ရန်ကုန်မြို့မှသူများပါလာရောက်လောင်းကြေး ထပ်ကစားမှုများ ပြုလုပ်လာခြင်းကြောင့် ကြက်ပွဲလောင်းကစားမှုမှာ ပိုမိုတွင်လာကြောင်း ပြောသည်။
မြေယာဥပဒေအရ လယ်သမားများ အနေဖြင့် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများကို ပေါင်နှံရောင်းချခွင့်မရှိသော်လည်း လယ်သမားအများစုမှာ လယ်ပြန် ငွေပြန်စနစ်ခေါ် မိမိပိုင်ဆိုင်သော လယ်မြေကို နှုတ်ကတိဖြင့် တစ်လလျှင် အတိုးခြောက်ကျပ်နှုန်းပေးကာ ငွေကြေး တတ်နိုင်သူများထံတွင် ပေါင်နှံလုပ်ကိုင်ကာ ရပ်တည်နေရကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ထိုကဲ့သို့ငွေတိုးချစားနေသူများမှာ အထူးသဖြင့် လယ်ယာလုပ်ငန်းကို အဓိကမထားပဲလောင်းကစားလုပ်ငန်းမျိုးစုံကိုစီးပွားဖြစ်လုပ်ကိုင်နေကြသူ များ ဖြစ်သည်။
လက်ရှိတွင် အချို့လယ်သမားများမှာ စိုက်ပျိုးရေးဘဏ်မှ ငွေချေးယူရာတွင် အဆင့်ဆင့်ငွေပေးရခြင်းကြောင့် အခက်ကြုံလျက်ရှိပြီးပြင်ပငွေချေးသူများထံ တွင် လယ်ပေါင်ပါကလည်း အရင်းပေါ် အတိုးထပ်ခြင်းကြောင့် လယ်လက်မဲ့ဖြစ်ရခြင်းမျိုးလည်းကြုံရကြောင်း ကျားဘိုကျေးရွာမှ လယ်ယာလုပ်ကိုင်သူ ဦးလှဌေးက ပြောသည်။
သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ယခင်က သုံးခွမြို့နယ်၏ စီးပွားရေးမှာ အဓိကအားဖြင့် စပါးနှင့် ပဲကို အခြေခံစိုက်ပျိုးပြီး အခြားဟင်းသီးဟင်းရွက်များကို ရန်ကုန်သို့တက်ကာ ရောင်းချခြင်းဖြင့် လုပ်ကိုင်ကြသော်လည်း နောက်ပိုင်းတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွင်ဥပဒေအရထိန်းချုပ်ကိုင်တွယ်မှုလျော့နည်းလာခြင်း ကြောင့်လောင်းကစားမှုများပေါ်ပေါ်ထင်ထင်လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း ပြောသည်။
သုံးခွမြို့နယ်အတွင်း ကျေးရွာ ၆၄ ရွာ တည်ရှိပြီး ယခုနောက်ပိုင်းတွင် ကျားဘိုရွာအပြင်ဘက် ညောင်လန်းကုန်းရွာ အနီးကွင်းပြင်တွင် နေ့လယ်ပိုင်းအချိန် များတွင်ပါ ကြက်ပွဲကြီးများကို လုပ်ကိုင်ကာ လောင်းကစားမှုပြုလာကြပြီး ဒေသတွင်း၌ လောင်းကစားမျိုးစုံဖြစ်သော ကြက်ပွဲ၊ နှစ်လုံးထီ၊ သုံးလုံးချဲထီ၊ ဘောလုံး လောင်းကြေးနှင့် ဖဲဝိုင်းများတွင် လောင်းကစားမှုများ ပြုလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment