25 September, 2012

ရွှေဝါရောင်တော်လှန်ရေး (၅) နှစ်ပြည့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပမည် ..


ရန်ကုန်၊ စက်တင်ဘာ ၂၅

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွား ခဲ့သော ရွှေဝါရောင် တော်လှန်ရေး အတွင်း ကျဆုံးခဲ့သူ ရဟန်း၊ ရှင်၊ လူ ကျောင်းသား များကို ရည်စူး၍
ငါးနှစ်ပြည့် အထိမ်း အမှတ် ဆုတောင်း၊ မေတ္တာပို့၊ အမျှဝေခြင်း အခမ်းအနားများကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ကျင်းပ သွားမည်ဖြစ်ကြောင်း The Voice Weekly ၏ ဆက်သွယ် မေးမြန်းမှုကို အခမ်းအနား တာဝန်ရှိသူ များက ပြန်လည် ဖြေကြားချက်အရ သိရှိရသည်။

အဆိုပါ အခမ်းအနားကို အောက်မြန်မာပြည် တစ်ခုလုံး ကိုယ်စား ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁) ရပ်ကွက် အနော်ရထာလမ်းရှိ
“မကွေး ပရိယတ္တိ စာသင်တိုက်” တွင် နံနက် ၉ နာရီ အချိန်၌ စတင် ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ ကျောင်းသားများ အဖွဲ့၊ ကိုမိုးသီးဇွန် စသူတို့နှင့် အခြား ထင်ရှားသော နိုင်ငံရေးသမား များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
အလားတူ မန္တလေးမြို့တွင်လည်း အထက်မြန်မာပြည်ကို ကိုယ်စားပြု၍ အခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ ပန်းခြံလမ်း၊
ဘုံပျံတောရ မြဝတီမင်းကြီး ကျောင်းတိုက်တွင် အထက်မြန်မာပြည်မှ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ခဲ့သူ ရဟန်းတော်များနှင့် ၈၈ ကျောင်းသားများ အဖွဲ့၊ အထက်မြန်မာပြည် ဗကသ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့တို့မှ ဦးဆောင်၍ နေ့လည် (၁) နာရီမှ စတင်ကျင်းပသွားမည်ကြောင်းရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင် ပါတ်သက်မှုဖြင့် ထောင်ဒဏ် နှစ်ရှည်ကျခံရပြီး ယခုနှစ်အတွင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သော
ဦးဂမ္ဘီရ (ကိုလှိုင်ဘွား(ခ)ကိုညီညီလွင်) က ပြောကြားခဲ့သည်။
ဦးဂမ္ဘီရသည် ကျန်းမာရေး အခြေနေများကြောင့် ခေတ္တလူဝတ်လဲထားရပြီး ယခုအခါ ကျန်းမာရေး တိုးတက် ကောင်းမွန်လာပြီ ဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း ရဟန်းဘောင်သို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရွှေဝါရောင် တော်လှန်ရေး စတင်သည့် အထိမ်းအမှတ် ငါးနှစ်ပြည့် အခမ်းအနားကို ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၇) ရပ်ကွက်၊ ဖျာပုံလမ်းရှိ တက္ကသီလာ ဇေယျာသိဒ္ဓိ ပဌာန်း ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။


Reference and Credit to -The Voice Weekly

No comments:

Post a Comment