07 January, 2013

ဂျပန်ဘောလုံး အသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုးသားချင်းများကို ရှာဖွေနေ ..


လွန်ခဲ့သည့် ၁၉၂၀ ၀န်းကျင် ရှေးကာလက ဂျပန်ဘောလုံး လောကအား ကျေးဇူး ပြုခဲ့ဖူးသည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ သက်ရှိထင်ရှား ဆွေမျိုးများအား ဂျပန်လူမျိုး တစ်ဦးက လိုက်လံရှာဖွေလျက် ရှိသော်လည်း အဆက်အသွယ် မရ သေးကြောင်း သတင်းရရှိသည်။
“ဦးကျော်ဒင်က ၁၉၀၀ ခုနှစ် မွေးတာဆိုတော့ မရှိလောက်တော့ပါဘူး။ သူ့ရဲ့မျိုးဆက်ကို ရှာနေတာ ခုထိတော့ အဆက်အသွယ် မရသေးပါဘူး” ဟု ဦးကျော်ဒင်၏ မျိုးဆက်အား လိုက်လံရှာဖွေနေသူ ဂျပန်လူမျိုး မစ္စတာ အိုးချိအားအိခိရိုရှိ(အထက်တန်းသမိုင်းပြဆရာ) က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဂျေလိဂ်နှင့် မြန်မာလိဂ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးပွဲတွင် ဂျေလိဂ်ဥက္ကဋ္ဌ ကာဇူမီအိုဂူရှီက မြန်မာလူမျိုး ဦးကျော်ဒင်သည် ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးသည့် အတွက် ပြတိုက်တွင် အမှတ်တရ ရုပ်တု ပြုလုပ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။
“သူ (ဦးကျော်ဒင်) က ဂျပန်ကို ဘောလုံးလာသင်တာတော့ မဟုတ်ဘူး။ ၁၉၂၀ ၀န်းကျင်ခန့်က ဂျပန်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းလာတက်တယ်လို့ သိရပါတယ်။ တက္ကသိုလ် ကျောင်းဝင်းထဲမှာ သူက ပြေးခုန် ပစ်ကစားနေတုန်း ဂျပန်လက်ရွေးစင်ဘောလုံးသမားတွေ လေ့ကျင့်နေတာကို ၀င်သင်ပေးရင်းနဲ့ နည်းပြပေးခဲ့ပြီး အဲဒီအသင်းက သူမြန်မာနိုင်ငံကို ပြန်သွားပြီး သုံးနှစ်အကြာ(၁၉၂၇) မှာ အာရှအဆင့်ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲသွားလို့ ဦးကျော်ဒင်က အစပြုခဲ့တဲ့ ကျေးဇူးကို အမှတ်ရ ဖြစ်စေခဲ့တာပါ” ဟု တစ်နှစ်လျှင် နှစ်ကြိမ်ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဦးကျော်ဒင်၏ မျိုးဆက်အား စုံစမ်းနေသူ မစ္စတာ အိုးချိအား အိခိရိုရှိက ရှင်းပြသည်။
ဦးကျော်ဒင်အကြောင်းအား ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်တစား စုံစမ်းလျက်ရှိကြောင်းနှင့် ၎င်းအနေနှင့်မူ ကိုယ်တိုင်စိတ်ဝင်စားမှုရှိသည့် မိမိအစီအစဉ်ဖြင့် လိုက်လံစုံစမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။ ဦးကျော်ဒင် အနေဖြင့် ၁၉၂၀ ၀န်းကျင်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၂၃ တွင် “How to Play Association Football” စာအုပ်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ကြောင်းနှင့် ၁၉၂၄ တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး စက်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ဂျပန်လူမျိုး သမိုင်းပြဆရာ၏ ပြောပြချက်အရ သိရသည်။
“တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ် ပြတိုက်မှာ ဦးကျော်ဒင်ရေးခဲ့တဲ့ စာအုပ်နဲ့ သူ့ရုပ်တုကို ပြသထားတာ တွေ့ရှိခဲ့ရပါတယ်။ ဂျပန်လူမျိုးတွေအနေနဲ့ ဘောလုံးကို ဒီစာအုပ်ကြောင့် စနစ်တကျ ကစားတတ်လာခဲ့တာ ဖြစ်ကြောင်းလည်း ပြောပြကြပါတယ်။ မြန်မာဘောလုံးအသင်းသွားတိုင်း သေချာလေးလေးစားစားနဲ့ ဦးကျော်ဒင်ရဲ့ ကျေးဇူးရှိတဲ့အကြောင်း ပါးစပ်ကလည်း ထုတ်ဖော်ပြောကြပါတယ်” ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဂျေလိဂ်သို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ဦးကျော်ဒင်၏ မျိုးဆက်အား တတ်နိုင်သည့်ဘက်မှ စုံစမ်းနေသော်လည်း ယခုအချိန်ထိ မတွေ့သေးကြောင်း ၎င်းက ဆက်ပြောသည်။ “မြန်မာလူမျိုးတစ်ယောက်က ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတာကို ဂျပန်မှာ မသိသေးတဲ့ သူတွေအတွက်လည်း ဖော်ထုတ်ပေးချင်တာပါ။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်လာရေး အတွက်လည်း ရည်ရွယ်ပါတယ်” ဟု မစ္စတာအိုးချိအားအိခိရိုရှိက ပြောသည်။
မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဂျပန်ဘောလုံးအသင်းကို ကျေးဇူးပြုခဲ့ဖူးသည်ဟု ၎င်းတို့ ပြောကြားချက်အရ သိရှိရသော်လည်း လက်ရှိအခြေအနေတွင်မူ ဂျပန်ဘောလုံးလောကနှင့် မြန်မာဘောလုံးလောကသည် ကွာခြား နေပြီဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဂျပန်ဘောလုံးအသင်းက ကမ္ဘာ့အဆင့် ၂၂ ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံးမှ ဦးဆောင်ထားပြီး မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် ၁၆၂ ဖြစ်သည်။

No comments:

Post a Comment