03 January, 2013

ငြိမ်းချမ်းရေး ညှိနှိုင်းရန် ၈၈ မျိုးဆက် ကျောင်းသားများ ကချင်သို့ သွားရောက် ..


၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်လှယ်အဖွဲ့သည် ကချင်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ယမန်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး မနေ့က နံနက်ပိုင်းတွင် ရောက်ရှိမည်ဟု သတင်းရရှိသည်။ အဆိုပါအဖွဲ့တွင် ကိုမြအေး၊ ကိုထွန်းမြင့် အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ ၄ ဦး...ပါဝင်ကြောင်း၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲ အရှိန်အဟုန်မြင့်တက်နေမှု အပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် နှစ်ဖက်ညှိနှိုင်းရန် တိုက်တွန်းကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်ထားသည်။
ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာ ဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက အတည်ပြု ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်" ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်အတွင်း မနီလာ မြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တမူးမြို့မှာ စာပေဟောပြောပွဲကျင်းပ
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့ဟာ စစ်ကိုင်းတိုင်း ဒေသ ကြီး တမူးမြို့မှာ မနေ့က ည ၇ နာရီကနေစတင်ပြီး စာပေဟောပြောပွဲ ကျင်းပ နေကြပါတယ်။ စာပေဟောပြောပွဲ မကျင်းပခင် တမူးမြို့နဲ့ ကလေးမြို့ပေါ်က ပရဟိတ ဘုန်းကြီး ကျောင်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသူတွေ၊ နိုင်ငံရေး အသင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက အခုလိုပြောပါတယ်။ "မနက် ၇ နာရီမှာစထွက်တာ ကလေးကို ၁၀နာရီခွဲလောက်ရောက်တယ်၊ ကလေးမှာ ပရဟိတဘုန်းကြီးကျောင်းကို သွားတယ်၊ အဲဒီကနေ တမူးကိုသွားတယ်၊ တမူးကိုရောက်တော့ တမူးမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အစုံပေါ့ အဲဒါတွေနဲ့တွေ့တယ် တွေ့ပြီးတော့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့အခါမှာ ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်ဆောင်ရမလဲ၊ အပြန်အလှန်ဆွေးနွေးကြတာပေါ့"
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ရဲ့ တမူးမြို့ စာပေ ဟောပြောပွဲခရီးစဉ်မှာ ကိုဌေးကြွယ်၊ စမ်းချောင်းကိုကိုကြီး၊ ကိုဥာဏ်လင်းနဲ့ မနီလာသိန်းတို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။ ကျောင်းသားခေါင်းဆောင်တွေဟာ ည တမူးမြို့မှာပဲ ညအိပ်ပြီး ဒီကနေ့ မှာတော့ ကလေးမြို့ကနေတဆင့် ရန်ကုန်မြို့ကို ပြန်လာမှာဖြစ်ပါတယ်။

No comments:

Post a Comment