မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချပေးသည်ဟု
သတင်းများထွက်ပေါ်နေသော်လည်း ပုဂ္ဂလိကဘဏ်များသို့ ဇန်န၀ါရီ ၂၂ ရက်အထိ နိုင်ငံတော်ဗဟိုဘဏ်၏
တရားဝင်ညွှန်ကြားစာ ရောက်ရှိလာခြင်းမရှိသေးကြောင်း ပုဂ္ဂလိကဘဏ်အချို့က ပြောကြားသည်။
ပြင်ပ၌ထွက်ပေါ်နေသော သတင်းများမှာ လာမည့်ဘဏ္ဍာရေးနှစ် အစဖြစ်သော ဧပြီ ၁ ရက်မှစ၍ ဘဏ်ချေးငွေအတိုးနှုန်း (လက်ရှိ ၁၃ ရာခိုင်နှုန်းမှ) ၈ ဒသမ ၅ ရာခိုင်နှုန်း (တစ်နှစ်) သို့၊ ဘဏ်အပ်ငွေ အတိုးနှုန်း (လက်ရှိ ရှစ်ရာခိုင်နှုန်းမှ) ၃ ဒသမ ၅ ရာခိုင်နှုန်း (တစ်နှစ်) သို့ လျှော့ချမည်ဟု ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။
ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က 'ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာအချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သို့ ယနေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့အထိ သက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်ညွှန်ကြားချက်မှ ရောက်ရှိလာခြင်း မရှိသေးပါကြောင်း အများပြည်သူသိရှိနိုင်စေရန် တရားဝင်သတင်း ထုတ်ပြန်အပ်ပါသည်' ထုတ်ပြန်ကြေညာခဲ့ပြီး အပြောင်းအလဲရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း အသိပေးခဲ့ပါသည်။
အလားတူ သမ၀ါယမဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကလည်း "အခုချိန်ထိ ကျွန်တော်တို့ဘဏ်ကို တရားဝင်ညွှန်ကြားစာ မရောက်သေးပါဘူး။ ကောလာဟလ သတင်းပဲဖြစ်မှာပါ။ ချေးငွေအတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဆိုရင် အပ်ငွေ အတိုးက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိမယ်။ ဒါဆိုအပ်ငွေရဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ တကယ်လျှော့မယ်ဆိုလည်း ကျွန်တော့်သဘောအရဆိုရင် အပ်ငွေအတိုးခြောက်ရာခိုင်နှုန်းနဲ့ ချေးငွေအတိုး ၁၁ ရာခိုင်နှုန်းလောက် ပဲဖြစ်သင့်တယ်" ဟု ပြောကြားခဲ့ပါသည်။
လက်ရှိအစိုးရ လက်ထက်တွင် ဘဏ်တိုးနှုန်းကို နှစ်ကြိမ်လျှော့ချပေးခဲ့ပြီးဖြစ်ရာ ယခင်အစိုးရ လက်ထက်ကထက် ဘဏ်တိုးနှုန်းပမာဏမှာ လေးရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါသည်။
ယခင်ဖြစ်ပေါ်ခဲ့သည့် ဘဏ်တိုးနှုန်းများ
ကာလ အပ်ငွေအပေါ်အတိုးနှုန်း ချေးငွေအပေါ်အတိုးနှုန်း (ခုနှစ်)
၁-၉-၁၉၈၉ ၈%ထက်မနည်း ၁၇%ထက်မများ
၁-၁-၁၉၉၅ ၁၀% ၁၆ .၅%
၁-၄-၁၉၉၆ ၁၂%ထက်မနည်း ၂၁%ထက်မများ
၁-၄-၁၉၉၉ ၁၂%ထက်မများ ၁၇%ထက်မများ
၁-၄-၂၀၀၀ ၁၀%ထက်မများ ၁၅%ထက်မများ
၁-၄-၂၀၀၆ ၁၂%ထက်မများ ၁၇%ထက်မများ
၁-၉-၂၀၁၁ ၁၀%ထက်မနည်း ၁၅%ထက်မများ
၁-၁-၂၀၁၂ ၈%ထက်မနည်း ၁၃%ထက်မများ
ဇာစ်မြစ် ။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Eleven Media Group

No comments:
Post a Comment