10 January, 2013

ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း ၁ ဦး သေဆုံး ...


နန်းမြနဒီ DVB ၁၀ ဇန်န၀ါရီလ ၂၀၁၃ ( ကြာသပတေးနေ့ )
ကချင်ပြည်နယ် ဟိုပင်မြို့နယ်နဲ့ နမ့်ခွင့်ဘူတာကြား ကြာကြီးကွင်းရွာနားမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး နဘား- မြစ်ကြီးနားကို သွားတဲ့ ကုန်တင်ရထား အမှတ် ၄၉ ကို ထိမှန်တဲ့အတွက် ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။
“ဟိုပင်နဲ့ မြစ်ကြီးနားသွားတဲ့ နဘားခေါင်းပြန်ဆိုတဲ့ ရထား ၅ တွဲ တွဲချော်တယ်။ ပါလာတဲ့ ရဲတပ်သား ကိုမြင့်နိုင်သေသွားတယ်။ ဒဏ်ရာရစာရင်း အတိအကျ မသိဘူး။ စက်ခေါင်းရဲ့ အနောက် ၃ တွဲမြောက်က စကွဲတာ။ အဲမှာ လူစီးတွဲပါလာတယ်လေ အဲကစကွဲတာပေါ့။ ”ရထားလာတဲ့အချိန် မိုင်တိုင်အမှတ် ၆၅၄ နားမှာ ကွက်တိ ပေါက်ကွဲခဲ့တာလို့ ရထားဝန်ထမ်းနဲ့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။
ဟိုပင်မြို့အနီးမှာ ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့်လည်း အစိုးရတပ်ဘက်က ပစ်ခတ်ခြောက်လှန့်တာတွေ လုပ်လေ့ရှိတဲ့အတွက် မြို့နယ်ထဲလှုပ်ရှားနေတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲ အချိန်မရွေးဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေဟာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူ မရှိသလောက်ဘဲလို့ ဒေသခံက ဆိုပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-၀န်ကြီး ဦးရဲထွဋ်ကလည်း ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်က နဘားဘူတာကနေ ထွက်ခွာလာတဲ့ နဘား-မြစ်ကြီးနား အမှတ် ၄၉ အဆန်ရထားဟာ ည ၁၀ နာရီ ၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး လူစီးတွဲ ၂ တွဲ ၊ တိရစ္ဆာန်တင် ကုန်တင်တွဲ ၂ တွဲ နဲ့ ကုန်စုံတင်တွဲ ၁ တွဲ လမ်းချော်ခဲ့တယ်။ အစောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ခရီးသည် ၂ ဦး ဒဏ်ရာရတယ်လို့ သူရဲ့ ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခုလပိုင်းအတွင်း ကချင်ပြည်နယ်ထဲ ပြေးဆွဲနေတဲ့ မီးရထားတွေ မကြာခဏ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားဘူတာအနီး ဗုံးခွဲမှုမှာ ရထားမောင်းသူ ၁ ဦးနဲ့ ခရီးသည် ၁ ဦး ဒဏ်ရာရခဲ့တယ်။
၂၀၁၂ ခု ဒီဇင်ဘာ ၂၆ ရက်နေ့ ညမှာလည်း မိုးညှင်းဘူတာအနီး အုတ်ကျင်းရပ်ကွက်ထဲက ရထားသံလမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး ရထားလမ်းပျက်စီးကာ ကုန်တင်ရထားခရီးစဉ် နှောင့်နှေးခဲ့ပါတယ်။
 DVB

No comments:

Post a Comment