09 November, 2012

ခင်မောင်တိုး ဖြတ်သန်းခဲ့ သော ဘ၀ လမ်း ...


စကားနည်းပြီး ဘ၀ကိုအေးအေးဆေးဆေးနဲ့ ကိုယ်တွေးချင်ရာကို လွတ်လပ်စွာ တွေးတောလုပ်ကိုင်ခွင့်ရတဲ့ဘ၀ကို နှစ်သက်တဲ့ ခင်မောင်တိုးဆိုတဲ့ ဂီတငွေကြယ်ပွင့်တစ်ပွင့်ကို ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့ကစစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ အရေးပိုင်မင်း ဦးခင်မောင်နဲ့ ဇနီး ဖြစ်သူ ဒေါ်ခင်လှတို့က မွေးဖွားခဲ့ပါ တယ်။ သူက မောင်နှမဆယ့်သုံးယောက် ရှိတဲ့အထဲမှာ သုံးယောက်မြောက်သားအဖြစ် မွေးဖွားခဲ့ခြင်းပါ။
ပညာရေးကို နံပါတ်တစ်နေရာမှာထားပြီး ပညာအမွေကိုသာ အဓိကပေးချင်ခဲ့တဲ့ မိသားစုထဲမှာ ခင်မောင်တိုးရဲ့ ငယ်ဘ၀ခရီးကလည်း ပညာရေးသည်သာ ပထမဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့သူပေါ့။ ဖခင်ဖြစ်သူ အရေးပိုင်မင်းပြောင်းရွှေ့ရာမြို့တွေမှာ လိုက်လံနေထိုင်ခဲ့ရတဲ့ ခင်မောင်တိုးက သူငယ်တန်းကနေ ဆဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းနဲ့ အဌမတန်းပညာကို စစ်တွေမြို့နဲ့ အထက်တန်း ပညာအောင်သည် အထိကိုတော့ သထုံမြို့မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။
၁၉၆၅ ခုနှစ်မှာဆယ်တန်း အောင်မြင်ခဲ့တဲ့ ခင်မောင်တိုးက ၁၉၆၆ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး သူ့ဘ၀ကို အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ဖို့ဆုံးဖြတ် ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ရပ်ဝန်းကို ရောက်ရှိချိန်မှာကြုံတွေ့ရတဲ့ လူငယ်တွေရဲ့ သဘာဝအတိုင်း ခင်မောင်တိုးလည်း တက္ကသိုလ်က သူငယ်ချင်းတွေနဲ့အတူ ဂီတဘက်မှာ လိုက်စားခဲ့တာကြောင့် ပညာရေးမှာ အားနည်းခဲ့ပါတယ်။ ဂီတရပ်ဝန်းထဲကို ခြေချဖို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း တွေကိုခင်မောင်တိုးက ...
“ RIT ရောက်တော့ အချိန်တန်ရင် အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ဒုတိယနှစ်မှာအဆောင် နေတာဆိုတော့ သူငယ်ချင်းတွေနဲ့ ဂီတပိုးကထလာပြီး ဂီတလုပ်တဲ့အ ချိန်ကပိုများလာတယ်။ စတီရီယို သီချင်းတွေပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။ အဲဒီမှာကိုယ့်ပုံစံတစ် ခုမွေးဖွားဖို့အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း တစ်ခုအနေနဲ့ မဟုတ်ပေမယ့်ဘာမှလုပ်စရာမရှိတဲ့အချိန်မှာဂီတထဲမှာပဲအသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့ ” လို့ ဖွင့်ဟခဲ့ပါတယ်။
အဲဒီလို ဖြတ်သန်းမှုတွေရှိခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၃ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးအဖြစ် 'ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်' တေးစီးရီးကိုထွက်ရှိ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရင်ခုန်နေတဲ့ အိပ်မက်များ' ဒုတိယစီရီးထွက်ရှိ ခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ကိုရဲလွင်၊ ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နဲ့အတူ 'လိစ္ဆ၀ီ' ဆိုတဲ့ တေးဂီတ၀ိုင်းကို ဖွဲ့စည်းခဲ့ပါတယ်။
တေးစီးရီးဖြန့်ချိစကနေ မျက်သွယ် တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေး သီချင်းများ ရောယှက်မှုရှိနေခဲ့တဲ့ ခင်မောင်တိုးက ၁၉၇၉ ခုနှစ်မှာထွက်ရှိတဲ့ 'အဉ္ဇလီအတွက် ဂီတအဉ္ဇလီ' တေးစီးရီးကို တော့ ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများအဖြစ် ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ 'လိစ္ဆ၀ီ' တီးဝိုင်းကို 'မဇ္ဇျိမလှိုင်း'လို့ အမည်ပြောင်းလိုက်ပါတယ်။ ၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဂီတရပ်ဝန်းထဲ စတင်ခြေချခဲ့သူ ခင်မောင်တိုးက ဂီတခရီး၃၇နှစ်အတွင်း မှာ ဂီတအလုပ်များကို ပုံမှန်လုပ်ကိုင် ရင်းလက်ရှိအချိန်ထိ တေးစီးရီး ၂၅ ခွေဝန်းကျင် ကိုထွက်ရှိပြီးဖြစ်ပါတယ်။
“ ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့ ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။ ကျွန်တော်မှတ်မိနေတာက သွင်းတဲ့စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့ တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။ တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ် ” လို့ ခင်မောင်တိုးက ဆိုပါတယ်။
ခင်မောင်တိုးက ၀ိုင်းရဲ့ဆည်းဆာ တေးစီးရီးနဲ့ပရိသတ် အသိအမှတ် ပြုမှုကိုရရှိခဲ့ပြီး မဟာဆန်သူ တေးစီး ရီးမှာတော့ အောင်မြင်မှုပိုမိုခိုင်မာခဲ့ သူဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာ ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့ကိုယ် ပိုင်သံစဉ်လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုလာသူ ခင်မောင်တိုးပြောပြတဲ့သူ့ဘ၀ခရီးနဲ့ လမ်းမှား၊ လမ်းမှန် လျှောက်လှမ်းနိုင်မှု ဆိုတာကတော့. .
“ဖြတ်သန်းခဲ့တဲ့ခရီးကို ပြန်သုံးသပ်ရရင် တက္ကသိုလ်ပြီးတဲ့နောက်ပိုင်း တစ်လျှောက်လုံးက ဂီတကိုနံပါတ်တစ်ထားတာဖြစ်တဲ့အတွက် ကျန်တဲ့ဖြတ်သန်းမှုက သမားရိုးကျပါဘဲ။ ဂီတနဲ့ပတ်သက်ပြီး ကိုယ့်ဟာကိုယ် ပြုပြင်ပြောင်းခဲခဲ့တာ သက်တမ်းတစ်လျှောက်လုံးမှားတယ်လို့ မတွက်မိဘူး။ တစ်ခုလုပ်လိုက်တိုင်း အတွေ့အကြုံတွေ အများကြီးရတယ်။ အဲတာတွေကိုအခြေံပြီး ပုံစံသစ်တွေနဲ့ သင်ယူရတဲ့သဘောရှိပါတယ်။ ကျွန်တော့အမြင်ကဂီတကြောင့်လူတွေဟာ လောကအမြင်မှန်နဲ့နီးစပ်တယ်လို့ထင်တယ်။
ကျွန်တော့ဘဝ ဖြတ်သန်းချင်တဲ့ပုံစံက မြတ်စွာဘုရားဟောကြားထားသလို လူတွေဟာ မွေးပြီးသေသွားကြမှာဖြစ်ပေမယ့် ကြားထဲမှာ သံသရာဆိုတာရှိတယ်။ ဒီဘဝ လုပ်နေတဲ့အလုပ်အကုန်လုံးက သံသရာတစ်လျှောက်လုံးကို အထောက်ကူဖြစ်စေတဲ့ ပုံစံမျိုး ရှိရမယ်ဆိုတော့ ရိုရိုးသားသားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့ဘဝအတွက် အင်မတန်သင့်တော်ပါတယ်။” လို့ သုံးသပ်ပြောပြခဲ့ပါတယ်။
ပထမဆုံးတေးစီးရီး မဖြန့်ချီခင်မှာ ဒေါ်ဝေေ၀ခိုင်နဲ့လက်ထပ်ခဲ့တဲ့ ခင်မောင်တိုးက လက်ရှိအချိန်မှာတော့ သားကြီးမင်းမင်းဦး၊ သားလတ် အောင်ပန်းဦးနဲ့ သမီးငယ် ဝေနှင်းခိုင်ဆိုတဲ့ သားသမီးသုံးဦးရဲ့ဖခင် အဖြစ် တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်ပြီး ဂီတအလုပ်တွေကို ပုံမှန်လုပ်ကိုင်လျှက် ရှိပါတယ်။
ခင်မောင်တိုး

ထွက်ရှိထားသော ခွေများ

၀၁။ ကျေးဇူးတင်ပါတယ်ကမ္ဘာကြီးရယ် (၁၉၇၃-၁၉၇၄ ဝန်းကျင်ခန့်)
၀၂။ ရင်ခုန်နေသောအိပ်မက်ငယ်
၀၃။ အဉ္ဇလီအတွက် ဂီတအဉ္ဇလီ
၀၄။ ဝိုင်းရဲ့ဆည်းဆာ
၀၅။ စောင်းကြိုးရှိုက်သံ (selection)
၀၆။ မဟာဆန်သူ
၀၇။ ကြိုးကြာသံ
၀၈။ မျက်သွယ် (selection)
၀၉။ ရောင်စဉ်ခုနစ်သွယ်
၁၀။ ဝေဒခဲ့ပြီပန်းခရမ်းပြာ
၁၁။ လွယ်လွယ်နဲ့မဖြစ်ဘူးလေ & နှုတ်ဆက်ခြင်း (+) စိုင်းထီးဆိုင်
၁၂။ ပန်တော်ဦး
၁၃။ မြစ်တစင်းဖြစ်တည်မှု
၁၄။ Live 94 (Live Show)
၁၅။ လက်ရွေးစင်တေးသီချင်းများ (၁) (၂)
၁၆။ သမုဒယကြိုးသုံးပင် (+) စိုင်းထီးဆိုင် (+) ခိုင်ထူး
၁၇။ စိတ်ကြိုက်တေး (selection)
၁၈။ ရည်ရွယ်သူ
၁၉။ မှီတွယ်ရာ လွမ်း
၂၀။ ရင်ခတ်အလွမ်း (မွန်းအောင်သီချင်းများ)
၂၁။ လှိုင်းထက်ကခြေရာ
၂၂။ ခွာညိုသက်ထား (+) စံလင်း
၂၃။ သီချင်းတပုဒ်
၂၄။ လက်ရွေးစင်အကောင်းဆုံးတေးများ (selection)
၂၅။ အကောင်းဆုံးတေးများ (Master Recording selection)
၂၆။ တိတ်တခိုး (မောင်စိန်ဝင်း-ကဗျာ)
၂၇။ အကြိုက်ဆုံးခေါင်းစီးတေးများ (New Version)
၂၈။ အကြိုက်ဆုံးဒဏ္ဍာရီတေးများ (selection)
၂၉။ လွမ်းဝတ်မှုန် (selection)
၃၀။ ခုနစ်နှစ်အလွန် (ခင်ဝမ်း)
၃၁။ အကြိုက်ဆုံးမန္တလေးသီချင်းများ (ခေတ်ဟောင်းသီချင်းများ)
၃၂။ ရွှင်လန်းချမ်းမြေ့ပါစေချင် (သင်္ကြန်သီချင်းများ)
၃၃။ မဇ္ဈိမသံစဉ်လှိုင်းဂယက်များ (Live Show)
၃၄။ သည်းဦးသစ္စာ (selection)
၃၅။ခွန့်အားဖြည့်မိငယ်

No comments:

Post a Comment