10 October, 2012

The Voice Weekly အယ်ဒီတာထံ ပေးစာ ..



သို့ အယ်ဒီတာရှင့်

လွှတ်တော်တွင်း ဆွေးနွေးနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ သိရှိနိုင်စေဖို့ အယ်ဒီတာပေးစာ ကဏ္ဍမှာ ဖော်ပြပေးစေ လိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က ထွက်ရှိတဲ့ ဂျာနယ် တစ်စောင်မှာ ဖတ်ရှုလိုက်ရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ Air-Con ဘတ်စ် ကားများ ခရီးသွား ပြည်သူတွေ ဘယ်တော့လောက် စီးနင်းပြီး ခရီးသွာ
းနိုင် ကြမလဲ ဆိုတဲ့ မေးခွန်းကို တာဝန်ရှိတဲ့ ပြည်ထောင်စု ဝန်ကြီးက ဒီနှစ်ကုန် ပိုင်းလောက် စီးနင်းနိုင်ဖို့ စီစဉ်ပေးနေပါတယ် ဆိုတဲ့ အဖြေကို ဖတ်ရှုလိုက်မိပြီး ကျွန်မ ဒီစာကိုရေးဖြစ် သွားတာပါ။ ကြည့်ရတာ မေးတဲ့သူရော ဖြေတဲ့သူ လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ ဘတ်စ်ကား တစ်ခါမှ စီးဖူးခြင်း ရှိကြပုံ မရပါဘူး။

ကျွန်မက ကုမ္ပဏီ ဝန်ထမ်း တစ်ဦးပါ။ အင်းစိန်မြို့နယ်မှနေပြီး ဆူးလေအထိ နေ့စဉ် ဘတ်စ်ကား စီးပြီး ရုံးတက် ရုံးဆင်း ပြုလုပ်နေရတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ နေ့စဉ် ဘတ်စ်ကား စီးရတဲ့ ဒုက္ခ ရင်တွင်း ခံစားချက်ကို မသိရှိသေးတဲ့ ပုဂ္ဂိုလ်ကြီးတွေ သိရအောင် ပြောပြ ချင်ပါတယ်ရှင်။

ကားပေါ် တက်လိုက်တာနဲ့ စပယ်ယာရဲ့အော်ငေါက်သံနဲ့အတူ ပရမ်းပတာ အပြိုင်အဆိုင်မောင်းတဲ့ ယာဉ်မောင်းရဲ့ဒေါသကြောင့် သမ္ဗုဒ္ဓေကိုစပြီး ရွတ် ဖြစ်ပါတယ်။ အထူးကားစီးပြီး မထူးတဲ့ အခြေအနေနဲ့ ထိုင်ခုံနှစ်ခုကြား လျှောက်လမ်းမှာ ကြပ်ညပ်နေတဲ့ လူတွေကို တိုးပြီး အသက်ကို မနည်းမှန်အောင် ရှူရတာက နေ့စဉ် ကြုံရတဲ့ဒုက္ခပါ။ ကျွန်မက မျက်မှန်သမားပါ။ ဘတ်စ်ကား တိုးရင်း မျက်မှန်လည်း ကျွတ်ထွက်ဖူးပါတယ်။

အင်္ကျီကြယ်သီးလည်း ပြုတ်ခဲ့ဖူးပါတယ်။ ခါးပိုက်နှိုက်လည်း နှစ်ခါခံရပြီး ရှိစုမဲ့စု လစာလေးတွေ ပါခဲ့ဖူး ပါတယ်။ ပြတင်းပေါက်ဘက်မှာ နေရာရလို့ စိတ်ချမ်းသာစွာ ထိုင်စီးတော့မယ် ကြံတုန်း မိုးကရွာ၊ တံခါးပိတ် မရလို့ ထီးဖွင့်ဆောင်း၊ တစ်ကိုယ်လုံးလည်း ဘတ်စ်ကားစီးရင်း မိုးရေ စိုရွှဲ ခဲ့ရဖူးပါတယ်။

ကျွန်မ ဆိုလိုချင်တာကတော့ Air-Con တပ်ထားတဲ့ ဘတ်စ်ကားကြီးတွေကို နိုင်ငံတကာမှာလို အဆင့်မြင့်မြင့် ထိုင်စီးရင်း စိတ်ချမ်းသာစွာ နေ့စဉ်ရုံးတက်/ရုံးဆင်းဖို့ မမျှော်မှန်း ရဲသေးပါဘူး။ လောလောဆယ် ကျွန်မတို့လို မြန်မာ အမျိုးကောင်းသမီးတွေ ဣနြေ္ဒရှိရှိ စီးနိုင်မယ်၊ တံခါးလေးတွေ မိုးရွာရင် ပိတ်လို့ရနိုင်မယ်၊ ကားစီးရေ များများလေးနဲ့ စီးတဲ့ ခရီးသည်တွေ ချောင်ချောင်ချိချိလေး စိတ်ချမ်းသာစွာ စီးနိုင်မယ်၊ သမ္ဗုဒ္ဓေ ရွတ်ရင်းနဲ့ တစ်လမ်းလုံး ဘယ်တော့ ကားတိုက်မလဲလို့ ရင်တထိတ်ထိတ်နဲ့ စီးနေရတဲ့ ဒုက္ခများက ကင်းဝေးစေအောင် စွမ်းဆောင်ပေးကြမယ် ဆိုရင်တောင် ဆိုင်ရာဆိုင်ရာ လူကြီးမင်းများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ကျန်းမာ ချမ်းသာစေရန် နေ့စဉ် ဆုတောင်း မေတ္တာပို့သ နေမိမှာ အမှန်ပါပဲရှင်။

မှတ်ချက်။ ကားက တိုက်လိုက်ပြီဆိုရင် ခရီးသည်တွေက ဒဏ်ရာရတဲ့သူကရ၊ သေတဲ့သူကသေ၊ ပရမ်းပတာ စည်းပျက် ကမ်းပျက် လုပ်ချင်ရာလုပ်၊ မောင်းချင်သလို မောင်းတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာက ထွက်ပြေး၊ ထိထိရောက်ရောက် လိုက်လံ ဖမ်းဆီး အရေးယူလိုက် တယ် ဆိုတာကလည်း ဆယ်ခါမှာ တစ်ခါလောက်ပဲ ကြားဖူးပါတယ်။

သီတာ၊ အင်းစိန်

အောက်တိုဘာလ ၈ ရက်နေ့ထုတ် The Voice Weekly Vol.8/ No.40 ပါ Opinion ကဏ္ဍမှ ဖော်ပြချက်

No comments:

Post a Comment