15 January, 2013

သမ္မတ၏ သဘောထား ပြည်ထောင်စုလွှတ်တော်တွင် ရှုံးနိမ့် ..


၁၄ ဇန်န၀ါရီ ၂၀၁၃

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းတွေမှာပါရှိတဲ့နိုင်ငံတော်သမ္မတရဲ့သဘောထားမှတ်ချက်တွေကို မဲခွဲဆုံးဖြတ်ရာလွှတ်တော်အမတ်တ၀က်ကျော်ကသမ္မတရဲ့ဆန္ဒသဘောထားကို ကန့်ကွက်မဲပေးခဲ့တယ်လို့သီပေါ်မြို့နယ်လွှတ်တော်အမတ်ဦးရဲထွန်းက ပြောပါတယ်။
“သမ္မတကမှတ်ချက်နဲ့ပြန်ပို့လာတဲ့ဟာကိုကျနော်တို့က ဆွေးနွေးတော့ ယေဘုယျအားဖြင့် သမ္မတသဘောထားမှတ်ချက်တွေကို ထောက်ခံပြီး ဆွေးနွေးတာပေါ့။ ဆွေးနွေးတဲ့သူ ၃ ယောက်မှာ တပ်မတော်သား ကိုယ်စားလှယ် ၂ ယောက်နဲ့ ကျနော်နဲ့ ၃ ယောက်ပဲ ရှိတယ်။ ၃ ယောက်လုံးက နိုင်ငံတော် သမ္မတ သဘောထားမှတ်ချက်တွေကို ထောက်ခံပြီးဆွေးနွေးတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အချိန်မှာ သမ္မတရဲ့ သဘောထားမှတ်ချက်တွေက ရှုံးသွားတယ်။”
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လွှတ်တော်အမတ် ၆၀၇ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းရဲ့ နိုင်ငံတော်သမ္မတမှတ်ချက်ကို တပ်မတော်သားအမတ် အားလုံးနီးပါး ထောက်ခံသော်လည်း ထောက်ခံမဲ ၂၀၀၊ ကန့်ကွက်မဲ ၃၆၈၊ ကြားနေမဲက ၂၆ မဲရရှိပြီး နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်က ရှုံးနိမ့်သွားတာပါ။
အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည် ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက်လည်း ရှုံးနိမ့်ခဲ့ပါတယ်။
ဒီဥပဒေမူကြမ်းတွေဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ပေးခဲ့တာ ဖြစ်ကြောင်း ဦးရဲထွန်းက ရှင်းပြပါတယ်။
“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ ပါတဲ့ ပြဋ္ဌာန်းထားချက်ကို အခုပြင်ဆင်ချက်မှာ ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့ နာမည်စာရင်းတင်ရမယ်လို့ ပြင်ထားတာ။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်တယ်၊ ပြင်ချင်တယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ပြင်ပါလို့ သမ္မတက မှတ်ချက်ပြုထားတာ။”
အခုလို ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံပေးပို့ပြီး ၇ ရက် အတွင်းမှာ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ရမှာလည်းဖြစ်ပြီး သမ္မတက လက်မှတ် မထိုးလည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့အတွက် ဥပဒေအတည် ဖြစ်မယ်လို့လည်း ဦးရဲထွန်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ ဥပဒေတွေကို နိုင်ငံတော်သမ္မတအနေနဲ့ ဗီတိုအာဏာသုံးပြီး ပယ်ချလို့ မရဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးဆွဲထားတယ်လို့ ဦးရဲထွန်းက ပြောဆိုသွားပါတယ်။
အရင်ကလည်း ပြည်ထောင်စုလွှတ်တော်ကနေ အမျိုးသားလွှတ်တော်ဥပဒေနဲ့ ပြည်သူ့လွှတ်တော်ဥပဒေ ၂ ခုကို အတည်ပြုပေးခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ် မထိုးထားခဲ့ပေမယ် အတည်ဖြစ်ခဲ့ဖူးတဲ့သာဓက ရှိခဲ့ဖူးပါတယ်။


DVB

No comments:

Post a Comment