21 January, 2013

လိုင်ဇာလိုက်မည့် သံဃာနှစ်ပါး ပါဝင်သော ငြိမ်းချမ်းရေးခရီး စတင် ..


ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ရပ်တန့်စေရေးအတွက် ငြိမ်းချမ်းရေးလိုလားသော လူငယ်များမှ ငြိမ်းချမ်းရေးအလံအား ကိုင်ဆောင်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့မှ ယနေ့ မနက် (၇) နာရီ အချိန်မှစ၍ ကချင်ပြည်နယ်လိုက်ဇာမြို့အထိ  စတင်လမ်းလျှောက် ချီတက် ကြပြီဖြစ်သည်။
 ကချင်ပြည်နယ် လိုက်ဇာမြို့ထိ  ၁၀ ဦးသာ ချီတက်လမ်းလျှောက်ရန် ရည်ရွယ်ခဲ့သော်လည်း စတင်လမ်းလျှောက်ချိန်မှစ၍   ငြိမ်းချမ်းရေးလိုလားသူ အဖွဲ့စည်းအမျိုးမျိုးမှ ပြည်သူများလာရောက် ပူးပေါင်း ကာ ထောက်ကြန့်၊ ပဲခူးအစရှိသည့် မြို့များထိ လိုက်ပို့ကြမည့်သူများလည်းပါရှိပြီး စုစုပေါင်းလူဦး ရေ ၇၀ ၀န်းကျင်ဖြင့် ငြိမ်းချမ်းရေးခရီးစတင်ခဲ့သည်။
 “လိုက်ဇာထိ လမ်းလျှောက်ဖို့ ရည်ရွယ်တာ ပထမက ၁၀ ယောက်ပဲ။ ဒါပေမယ့် အခု လူ ၂၀ ကျော် သွားပြီ။ ကျန်တဲ့ လူတွေကတော့ ထောက်ကြန့်ထိ လိုက်ပို့ကြမယ့် သူတွေကတော့ များပါတယ်။ ပဲခူးထိ လိုက်ပို့မယ် သူတွေလည်းရှိတယ်။” ဟု ချီတက်လမ်းလျှောက်ရာတွင် ပဲခူးမြို့ထိ လိုက်လံ ပို့ဆောင်ပေးသူ ကိုဇော်လင်းထွန်မှ ပြောသည်။
 ထိုသို့ ချီတက်လမ်းလျှောက်ရာတွင် သံဃာတော် ၄ ပါး ပါဝင်ခဲ့ပြီး ၂ ပါးမှာ လိုက်ဇာမြို့ထိလိုက်ပါ သွားမည်ဟု သိရသည်။
 ချီတက်လမ်းလျှောက်သည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲအရာရှိများမှ ဥပဒေအတိုင်းလုပ်ဆောင်ရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း တားမြစ်မှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်း မရှိပေ။
 “၁၁ နာရီခွဲလောက်က ဘုန်းကြီး ၄ ပါးဆွမ်းကပ်ပြီး ခဏနားကြတယ်။ ၂ ပါးကတော့ လိုင်ဇာ ထိလိုက်လိမ့်မယ်။ နောက် ၂ ပါးကတော့ မကျိန်းသေဘူး။ နားဖို့ကတော့ ကြိုပြီးစီစဉ်ထားတာမရှိဘူး။ ဖြစ်သလိုပဲ ဘုန်းကြီးကျောင်းတွေမှာ အိပ်မှာပါ။ ရဲတွေကတော့ ခွင့်ပြုချက်တင်ဖို့တော့ လာပြောတယ်။ အေးအေး ဆေးဆေးပါပဲ ” ဟု ဦးဆောင်လမ်းလျှောက်သူ ကိုဇင်ကိုကိုက ပြောသည်။
ငြိမ်းချမ်းရေးအလံလွှင့်ထူသောကားမှာ လမ်းတလျှောက် ကချင်စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သော ဆေးဝါးအစရှိသည့် ပစ္စည်းများ၊ ငွေကြေးများ လိုက်လံ၍ အလှူခံသွားမည်ဖြစ်ကြောင်း၊ မည်သည့်နေရာအထိ လိုက်ပါပို့ဆောင်မည်ကို သေသေချာချာမသိရှိရသေးကြောင်းကိုလည်း သိရ သည်။
 ၎င်းတို့အဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့် တောင်းခံထားခြင်းမရှိပဲ အကြောင်းကြားစာ များသာ ပေးပို့ထားကြောင်း သိရသည်။
 ၎င်းတို့သယ်ဆောင်သွားမည့် ငြိမ်းချမ်းရေးအလံအား လိုင်ဇာမြို့တွင် စိုက်ထူသွားမည်ဖြစ်ပြီး ရန်ကုန်မှ ပဲခူး၊ ပဲခူးမှ မန္တလေး၊မန္တလေးမှ စစ်ကိုင်း၊ စစ်ကိုင်းမှ ကချင်ပြည်နယ်သို့ သွားမည်ဖြစ်ပြီး (၁) လခွဲခန့် ကြာမည်ဟု ခန့်မှန်းထားကြောင်း ငြိမ်းချမ်းရေးလိုလားသူများအဖွဲ့မှ သိရသည်။

No comments:

Post a Comment