17 October, 2012

ရန်ကုန်တိုင်းရှိ ရှေ့နေများအားလုံးပါဝင်သည့် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ..



 အောက်တိုဘာ(၁၇)ရက်၊၂၀၁၂ခုနှစ်။
 ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနှင့် စုပေါင်းရုံးအဆောက်အဦးနှစ်ခုကို မူလအတိုင်း တရားရုံး ပြန်လည်ဖွင့်ပေးရန် ရန်ကုန်တိုင်းရှိ ရှေ့နေများအားလုံးပါဝင်သည့် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
အဆိုပါ အဆောက်အဦးနှစ်ခုအား ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် ကိစ္စနှင့်ပတ်သတ်၍ မကျေ နပ်သောကြောင့် ရှေ့နေများ အယောက် (၅၀၀)ခန့်သည် လေလံပစ်မှုကို ကန့်ကွက်ကြောင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြမှုအား ခွင့်ပြုမိန့်ရရှိထားပြီး ဖြစ်သည်။
၎င်းတရားရုံးနှစ်ခုကို ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်ရန် လေလံပစ်ကာ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးကို သင်္ဃန်းကျွန်းမြို့နယ်သို့ ပြောင်းရွှေ့ လိုက်ခြင်းဖြစ်သည်။ ၎င်းရုံးရှိ တရားသူကြီး များ၊ ၀န်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ၊ သက်သေများနှင့် ကျန်ရှိဝန်ထမ်းများ သွားရေး လာရေး ခက်ခဲလျှက်ရှိကြောင်းနှင့် တရားရေးလောက၏ ဂုဏ်သိက္ခာများ ကျဆင်းခဲ့ရကြောင်း ဦးကိုနီက ပြော သည်။
“ဒီလို ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို တရားရုံးကြီးကို တရားရုံးအနေနဲ့ လုပ်နေပါလျက်နဲ့ တရားရေးဝန်ထမ်းတွေကို ဘေးဖယ်ပြီးတော့ ခုလို ဟိုတယ် လုပ်ငန်း လုပ်လိုက်တယ်ဆိုတော့ မလျှော် ကန် မသင့်မြတ်ဘူး။ အဲဒါနဲ့ ပတ်သတ်ပြီး နိုင်ငံတော် သမ္မတကြီးကို မေတ္တာ ရပ်ခံတယ်။ မူလ အနေ ထားတိုင်း တရားရုံးတွေ ပြန်လုပ်ပေးပါဆိုတာ နှစ်လကျော်နေပြီ။ အကြောင်းပြန်ကြားချက် မလာသေးဘူး။ မလာတဲ့အတွက် ဒီဆန္ဒ ပြပွဲကို လုပ်တာပါ။”ဟု ရှေ့နေကွန်ယက်မှ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။
ဆန္ဒပြထုတ်ဖော်ရာတွင် ထိုအဆောက်အဦးနှစ်ခုအား ယခင်အတိုင်း ပြန်လည်မရရှိလျှင် ဥပဒေ ပညာရှင်များနှင့် စုဝေးတိုင်ပင်ကာ ဥပဒေကြောင်း အရသာဖြေရှင်းတော့မည် ဖြစ်ပြီး ပြည်သူ့ လွှတ်တော်မှ ကာကွယ်ပေးနိုင်ရန် ဆွေးနွေးမှုများသာ ဆက်လက်ပြုလုပ်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
“တရားရုံးမှာပဲ ယဉ်းကျေးမှုအမွေအနှစ်တွေကို ကာကွယ်ပေးဖို့အတွက် တရားတစ်ထုတ်ဆွဲပြီးပဲ ရပ်မလား။ သို့မဟုတ် ဒီလိုအငှားချတဲ့ ကိစ္စဟာ ဥပဒေနဲ့ မညီပါဘူး။ တရားမ၀င်ပါဘူး။ ပြန်ပြီး ပယ်ဖျက်ပေးပါလို့ အရေးဆိုရ မလား။ ဥပဒေပညာရှင် ဆရာကြီးတွေ စုဝေးပြီးတော့မှ တိုင်ပင် ပြီးတော့မှ တရားဥပဒေကြောင်းအရ လုပ်သွား မယ့် အစီစဉ်ရှိပါတယ်။”ဟု ရှေ့နေ ဦးကိုနီမှ ဆက်ပြောသည်။
အဆိုပါ ရုံးနှစ်ရုံးလုံးအား အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းအဖြစ် တရားဝင်သတ်မှတ် ထားကြောင်း၊  (၁၉၉၈) ခုနှစ် အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ကာကွယ်သည့် ဥပဒေအရပြောရရင် အဆောက်အအုံများ၏ ပုံသဏ္ဍန်အား ပြုပြင်၍ မရကြောင်း ပြုပြင်လျှင် ထောင်ဒဏ် တစ်နှစ်မှခုနှစ်နှစ်ထိ ချ၍ ရကြောင်း ရှေ့နေကွန်ယက်မှ သိရှိရသည်။
“ဒီအဆောက်အဦးနှစ်ခုကို လေလံပစ်ပြီးတော့ ရောင်းချတဲ့ အတွက် ကန့်ကွက်တာ။ နဂိုကတည်းက တရားရုံးအဆောက်အဦးအဖြစ် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေပါ။ ဒါကြောင့် ဆန္ဒထုတ် ဖော်ပွဲနဲ့ မကျေနပ်ကြောင်း ပြောတယ်။ စတင် ဆောင်ရွက်တာပါ။ ဒီနည်းနဲ့ မရဘူးဆိုရင် တရားစွဲဆိုတဲ့ နည်းလမ်းနဲ့ ဆက်လုပ်မှာပါ။” ဟု ရှေ့နေကွန်ယက်မှ ဦးအောင်သိန်းက ဆိုသည်။
ယဉ်ကျေးမှု အမွေအနှစ်များ  ထိန်းသိမ်းခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ပင်ဖြစ်ကြောင်း အမွေ အနှစ်များ ထိန်းသိမ်းထားနိုင်မှသာလျှင် လူမျိုး၊ သမိုင်း၊ တရားစီရင်ရေး အစဉ်အလာများအား ထိန်းသိမ်းထားရာ ရောက်မည် ဖြစ်ကြောင်း ရှေ့နေ ကိုဖိုးဖြူက ဆိုသည်။
 မြန်မာနိုင်ငံတွင် ရှေ့နေများအားလုံးပါဝင်သည့် ဆန္ဒထုတ်ဖော်ခြင်းသည် ၁၉၈၈ အရေးတော်ပုံတွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကာ ယခုသည်ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment