09 February, 2013

ဆီလှောင်ကန် တိုးချဲ့ထားရှိမှုနှင့် ပတ်သက်၍ ဆီဆိုင်ပိုင်ရှင်အား ရပ်ကွက်နေပြည်သူအချို့ တားဆီး ..


အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်၌ ပြန်လည်ပြုပြင်၍
ဆီလှောင်ကန် တိုးချဲ့မှုပြုလုပ်သည့် Denko စက်သုံးဆီဆိုင်အား ရပ်ကွက်အတွင်းရှိ ပြည်သူလူထုများက တားဆီးမှုများပြုလုပ်၍ ယနေ့ ဖေဖော်ဝါရီ ၈ရက် မွန်းလွဲ ၁နာရီမှစတင်ကာ ယင်း စက်သုံးဆီဆိုင်ပိုင်ရှင် ဦးချစ်ခိုင် အပါ အဝင် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲညှိနှိုင်းပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။

  
"စပြင်တာက တစ်လလောက်ပဲရှိသေးတယ်။ ပထမကတော့ဂါလန် ၆ထောင်ပါတဲ့ ကန်တစ်ခုပဲ။ ပြီးတော့မှ ကန်ထပ်တိုးပြီး လုပ်တာ။ အဲဒီ အထဲမှာ ပေါက်ကွဲအားပြင်းတဲ့ အောက်တိန်းတွေလည်း ပါတယ်။ ပိုဆိုးတာက လူနေအိမ်တွေနဲ့က ကပ်ကပ်လေးတွေဆိုတော့ စိုးရိမ်လို့ အခုလို မျိုး ညှိနှိုင်းပွဲလေးလုပ်ရ
တာပါ"ဟု နံ့သာကုန်းရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြလှိုင်က ပြောကြားသည်။
ယင်းသို့ ညှိနှိုင်းဆွေးနွေးမှု၌ DENKO စက်သုံးဆီပိုင်ရှင်
ဦးချစ်ခိုင်မှ ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူများ အဆင်ပြေစေရန်အတွက် ယခု ဆောက်လက်စ စက်သုံးဆီ သိုလှောင်ကန်များအား ရပ်နားထားမည်ဖြစ်ကြောင်းနှင့်
ရပ်ကွက်မှ ကိုယ်စားလှယ် ၇ဦးနှင့် ၎င်းတို့ကုမ္ပဏီမှ ကိုယ် စားလှယ်များအပါအဝင် စွမ်းအင်ဝန်ကြီးဌာန၊ မီးသတ်ဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ကို ဆင့်ခေါ်၍ ယခုလအတွင်းပြည်သူများ ကျေနပ်သည်အထိ ထပ်မံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့အိမ်နဲ့ဆိုရင် ဆီဆိုင်က ဘေးချင်းကပ်လျက်။ ပြီးတော့ သိုလှောင်ကန်တွေကလည်း ကပ်လျက်ကလေးဆောက် ထားတာ။ အရင် တုန်းကဆိုရင် ကားဆီထည့်နေရင်း မီးလောင်လို့ဆိုပြီး အပြင်ကို တွန်းထုတ်ရသေးတယ်။ မီးလောင်မှုဖြစ် တာကလည်း သုံးခါလောက်
ရှိတယ်။ ရပ်ကွက်ကလူတွေကောင်းလို့ ကျွန်မတို့အိမ်မပါတာ"ဟု အဆိုပါရပ်ကွက်၌ နှစ်ပေါင်း ၄၀နီးပါး
နေထိုင်သူ ဒေါ်ဖြူဖြူက ပြောသည်။
ယင်းစက်သုံးဆီဆိုင်သည် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် ဘူတာရုံလမ်းပေါ်တွင် တည်ရှိပြီး ယခင်က
အစိုးရစက်သုံး ဆီဆိုင်တစ်ဆိုင် အဖြစ် မွတ်ဆလင်လူမျိုးတစ်ဦး ပိုင်ဆိုင်ကြောင်း သိရပြီး ၁၉၆၀၊ ၂၀၀၇နှင့် ၂၀၀၈ခုနှစ်တို့၌ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ဆက်လက်ပြောကြားသည်။
ယခုလက်ရှိ DENKO စက်သုံးဆီဆိုင်ပိုင်ရှင်အဖြစ် ပိုင်ဆိုင်သူ ဦးချစ်ခိုင်သည် ၎င်းတို့စက်သုံးဆီဆိုင် မီးလောင်ကျွမ်း၍ ရပ်ကွက်အတွင်း ဆုံးရှုံးမှုများဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ပြောကြားသွားခြင်းမရှိကြောင်း၊ ယခုလက်ရှိ ဆောက်လုပ်နေသည့် ဆီလှောင်ကန် ၂၄၀၀၀ဂါလံမှ ယခင်ထားရှိသည့် ဆီလှောင်ကန် ၆၀၀၀ဂါလံထားရှိရန်ကိုသာ တောင်းဆိုထားကြကြောင်း ဦးမြလှိုင်၏ ထပ်မံပြောပြချက်အရ သိရသည်။

The Myanma Age

No comments:

Post a Comment