အကောက်ခွန်
ဦးစီးဌာနကဲ့သို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို တိုင်ကြားမှုများအပေါ် မူတည်ကာ တရားဥပဒေ
စိုးမိုးရေး ရှိ၊ မရှိ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ပြည်သူ့လွှတ်တော်၊ တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ဖေဖော်ဝါရီလ
၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်
ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
တာဝန်ပေးချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တရားရေး ဌာနများနှင့် ဥပဒေဌာနများသို့
သွားရောက်လေ့လာမှုများ၊ တရားရေးမဏ္ဍိုင် ယိမ်းယိုင်မှုများ တွေ့ရှိပါက ထိန်းညှိမှုများ ပြုလုပ်လျက်ရှိကြောင်း
ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
''တရားဥပဒေ
စိုးမိုးရေး အတွက် အဓိကကျတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပြည်သူ့ရဲတို့လို၊ ထွေအုပ်တို့လို
စတဲ့ အဖွဲ့အစည်းတွေကို တရားရုံးတွေ ပြီးရင် လိုက်ရဦးမှာပေါ့။ အကောက်ခွန် ဦးစီးဌာနလိုမျိုး
ဌာနမျိုးတွေမှာလည်း တရားဥပဒေ စိုးမိုးဖို့ လိုအပ်တယ်လေ။ တိုင်စာတွေအပေါ် မူတည်ပြီး လိုက်ရဦးမှာပါ''
ဟု ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ အတွင်းရေးမှူး
ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ဌာနဆိုင်ရာများကို လေ့လာမှုများ ပြုလုပ်ရာတွင် တွေ့ရှိချက်များအပေါ်
မူတည်၍ တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း၊ ထိန်းညှိခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊
ထိုသို့ ဆောင်ရွက်၍ မရပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်း ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရှိရသည်။ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အများပြည်သူထံမှ ကောက်ယူထားသည့်
ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းအား ညွှန်ကြားရေးမှူးချုပ် အပါအ၀င်
အကောက်ခွန်ဌာန တာဝန်ရှိသူများက ဆုကြေးအဖြစ် ခွဲဝေယူလျက် ရှိကြောင်း သိရှိရသည်။ လက်ရှိ
အချိန်တွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ပြည်သူများထံမှ
တိုင်ကြားစာပေါင်း ၄၀၀၀ ကျော် ရောက်ရှိနေကြောင်း၊ အဆိုပါ တိုင်ကြားစာများအနက်မှ ၃၀၀၀
ကို ဖြေရှင်းဆာင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း ပေးထားပြီး ဖြစ်ကြောင်းလည်း
သိရှိရပါသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
No comments:
Post a Comment