27 January, 2013

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လကနက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ...


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ- ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လကနက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့၊ အမေရိကန် သံရုံးမှ ၂၄-၁-၂ဝ၁၃ ရက်နေ့စွဲဖြင့် သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး၊ ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေးအတွက် စေတနာ မှန်ဖြင့် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဤသို့ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ကေအိုင်အို/ကေအိုင်အေ အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။ ကေအိုင်အို/ကေအိုင်အေ အတွက် ငြိမ်းချမ်းရေး တံခါးကိုလည်း ဆက်လက် ဖွင့်လှစ်ထားပြီး၊ နှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါသည်။ ကချင်ပြည်နယ် အတွင်း ပြုလုပ်နေသော စစ်ရေးဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတက ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ညွှန်ကြားထားပြီးဖြစ်ရာ တပ်မတော်တပ်ဖွဲ့ အသီးသီးကလည်း လိုက်နာလျက် ရှိကြပါသည်။ ကေအိုင်အို/ ကေအိုင်အေဘက်ကလည်း အလားတူ ရပ်ဆိုင်းပေးသွားရန် လိုအပ်ပါသည်။ မိမိတပ်မတော် တပ်ဖွဲ့များက စစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့သော်လည်း ကေအိုင်အေတပ်ဖွဲ့များက မိမိတပ်ဖွဲ့များအား တိုက်ခိုက် ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာသည့်အတွက် မိမိတပ်ဖွဲ့များမှ ပြန်လည်တုံ့ပြန် တိုက်ခိုက်ရခြင်းများသာ ရှိပါသည်။ တပ်မတော်မှ စစ်ရေးကိစ္စ ဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မမှ ညွှန်ကြားထားပြီး ရက်ပိုင်းအတွင်းတွင် ကေအိုင်အေတပ်ဖွဲ့များသည် လွယ်ဂျယ်မြို့နယ်၊ ဂျာမိုင်ကျေးရွာအနီး၌ တပ်မတော် စစ်ကြောင်းအား အင်အားဖြင့် လာရောက်တိုက်ခိုက်ခြင်း၊ ဖားကန့်မြို့အနီး နယ်မြေခံတပ်စခန်းအား ပစ်ခတ်ခြင်း၊ ကာမိုင်းရဲစခန်းအား စီးနင်းတိုက်ခိုက်ခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုမ္ပဏီ နှစ်ခုအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများအား ပြန်ပေးဆွဲခြင်း၊ မူဆယ်-လားရှိုး ကားလမ်းမပေါ်ရှိ နမ့်အွန်ရွာအနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက် ကျူးလွန်လာခဲ့ကြ ပါသည်။ ကေအိုင်အေတပ်ဖွဲ့များက ဤသို့သော အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင် နေခြင်းကြောင့် ရပ်ရွာအေးချမ်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တပ်မတော် အနေဖြင့် စစ်ရေးအရ ကာကွယ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ဤဖြစ်ရပ်ဖြစ်စဉ် အားလုံးကို ပြည်သူများ အမှန်အတိုင်း သိရှိနိုင်ရန် နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဤမျှကြိုးပမ်း ဆောင်ရွက်နေသော်လည်း ရန်ကုန်မြို့ အမေရိကန်သံရုံး၏ သတင်း ကြေညာချက်တွင် မြန်မာ့တပ်မတော်က ကေအိုင်အေဌာနချုပ် အနီးတစ်ဝိုက်တွင် စစ်ဆင်တိုက်ခိုက်မှုများ (Military Offensive) ကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဤတိုက်ခိုက်မှုများကို ပြင်းထန်စွာ ဆန့်ကျင် ကြောင်း၊ ပြင်ပမီဒီယာများနှင့် အင်န်ဂျီအိုအချို့ထံမှ သတင်းများကို ကိုးကား၍ ဖော်ပြထားပါသည်။ အမေရိကန် သံရုံး ကြေညာချက်တွင် ကေအိုင်အေဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများကို ဖော်ပြခြင်း မရှိဘဲ နိုင်ငံတော် အစိုးရနှင့် မြန်မာ့တပ်မတော်ကသာ တိုက်ခိုက်မှုများ ပြုလုပ်နေသည့် သဖွယ် ဖော်ပြထားသည်ကို တွေ့ရှိရသည့် အတွက် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက် လာစေနိုင်ပါသည်။ ဤကဲ့သို့ ရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်ကွက် ပယ်ချလိုက်ပါသည်။ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာအိုဘားမားသည် ၁၉- ၁၁-၂ဝ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ခရီးစဉ်တွင်လည်းကောင်း၊ ၂ဝ- ၁၁- ၂ဝ၁၂ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် ပြည်ထောင်စု ထိပ်သီးအစည်းအဝေးတွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား ''မြန်မာ'' ဟုပင် တလေးတစား ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ ယခု အမေရိကန်သံရုံး၏ ကြေညာချက်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအား ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု ခေါ်ဝေါ်သုံးစွဲသည့် အတိုင်း ခေါ်ဝေါ်ခြင်းမရှိဘဲ “Burma”, “Burmese Government”, “Burmese Military” သုံးစွဲဖော်ပြခြင်းသည် နိုင်ငံတကာ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိသဖြင့် ယင်းသို့ ခေါ်ဝေါ်သုံးစွဲခြင်းကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။ အမေရိကန် သံရုံး အနေဖြင့် ပြန်လည်တည်ဆောက်ထားပြီးဖြစ်သည့် နှစ်နိုင်ငံ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိပါးစေမည့် အပြုအမူမျိုးကို နောင်တွင် ပြုလုပ်လိမ့်မည် မဟုတ်ဟု မျှော်လင့်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန်အတွက် ကေအိုင်အို/ကေအိုင်အေ အပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 

 khitlunge

No comments:

Post a Comment