29 January, 2013

ရပ်ရွာဆေးမှူးအကြောင်းမဲ့ သတ်ဖြတ်ခံရ ထုံးတမ်းအရ အလှူမလုပ်ပေးနိုင် ..

သတ်ဖြတ်ခံရသူ ဆေးမှူးကိုကျော်မင်း 
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်အတွင်း တပ်ထွက်ဆေးမှူးသတ်ဖြတ်ခံရပြီး တလကျော်ပြီဖြစ်သော်လည်း အလှူ အဒါန်း လုပ်ခွင့်မပေးကြောင်း ကျန်ရှိမိသားစုဝင်များက ပြောပါသည်။
“အသတ်ခံရတာ တလကျော်ပြီ။ ဘယ်လိုထပ်ပြီးစုံစမ်းမေးမြန်းရမယ်မှန်းတောင်မသိတော့ဘူး။ သူက ဘယ်သူနဲ့မှလဲ ရန်မဖြစ်ဘူး။ ရန်သူမရှိဘူး။ ဘယ်သူကသတ်ပြီး ဘာကြောင့်သတ်လဲ မသိဘူး။ အခု ဗုဒ္ဓ ဘာသာအရ ကော ခရစ်ယာန်ထုံးတမ်းအရကော အလှူ မလုပ်ပေးရသေးဘူး။ လုပ်ခွင့်မပေးဘူးလေ။ အသတ်ခံရတဲ့ ဆရာကိုကျော်မင်းက နတ်မောက်သား။  ဗုဒ္ဓဘာသာဝင်။  သူမိန်းမက ခရစ်ယာန်ဘာသာဝင်လေ” - ဟု မုံးပေါ် ရပ်ကွက် ၃ မှ လူငယ်တဦးက ပြောပြပါသည်။
ဆေးမှူးကိုကျော်မင်း အသက် ၃၆ (တပ်ထွက်ဆေးမှူး) အား ဆေးထိုးပေးရန် မုံးပေါ်ရဲစခန်းမှူး သက်ဝေက (ဒီဇင်ဘာ ၂၃ ရက် ညက)လူလွှတ် လှမ်းခေါ်ခဲ့ကြောင်း၊ ရဲစခန်းမှူးအားဆေးထိုးပေးရန် ထွက် သွားပြီး မကြာခင် ကိုကျော်မင်း အသတ် ခံရကြောင်း၊ ထိုစဉ်ရဲစခန်း လုံခြုံရေးရဲကင်း တာဝန်ကျသူမှာ ရဲတပ်ကြပ် ဖိုးခိုင်ဖြစ်ကြောင်း၊  နောက်စေ့တည့်တည့်၌ သေနတ်ပစ်ခံပြီး ဘယ်ဘက် ပါးနှင့်မျက်နှာ မျက်လုံး များ  ပေါက်ပြဲဖေါက်ထွက်သွားကြောင်း - မိသားစုဝင်တဦးက ပြောပါသည်။
“မိသားစုက မကျေနပ်ဘူးလေ။ အကြောင်းမဲ့သတ်ဖြတ်ခံရတာကိုး။ ဒါပေမယ့် မူစယ်၊ လားရှိုးသွားစစ်လဲ မှုခင်း ရဲအရာရှိ တွေက သူ့ဟာသူ သေကြောင်းကြံတာလို့ဘဲပြောတာ။ မုံးပေါ်ရဲတပ်ဖွဲ့ကလဲ သူက မူးယစ် သုံးစွဲပြီး သူ့ဟာသူသတ်သေ တယ်လို့ပြောတာလေ။ ကျည်ဆံက နောက်စေ့အထက်နားကနေဝင်ပြီး မျက်နှာဘက်ကထွက် တာဘဲ။ ကျည်ဆံရဲ့ သဘောက ပစ်ဝင်တဲ့ပေါက်က သေးပြီး ဖေါက်ထွက် တဲ့ပေါက်က ကျယ်တယ် ၊ နောက်စေ့ ကျည်ဝင်ပေါက်ကသေး တယ်။ မျက်နှာကွဲထွက်သွား တယ်” - ဟု မိသားစုဝင်တဦးက လဲပြောပါသည်။
“ကျနော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံလို့တာပြောနေတယ်။ အခု ကိုကျော်မင်းအမှုက မဖြစ်သင့်ဘူး။ စုံစမ်း ဖေါ်ထုတ်နိုင် ရ မယ်။ ရဲစခန်းမှာဖြစ်တယ်၊ သူကိုယ်တိုင်က သေနတ်ကိုင်တဲ့သူမဟုတ်ဘူး ဆိုတော့ ရှင်းနေတာပဲ၊အင်မတန်မှလွယ်ကူပြီးကောင်းကောင်းဖေါ်ထုတ်နိုင်မယ့်အမှုဘဲပါဗျာ။ ဒီအမှုမပေါ်ရင်တော့ အချို့လူတွေ ဥပဒေ အထက် မှာ  ရှိနေသေး တယ် ဆိုတာ ထင်ရှားနေပြီ”ဟုအမည်မဖေါ်လိုသည့်ဒေသခံဝန်ထမ်းတဦးက ပြောပါသည်။
သေဆုံးသူ  ကိုကျော်မင်း တွင်၊ဇနီးနန်းမိုးခိုင်၊ သား ၃ ယောက် (အငယ်ဆုံး နှစ်နှစ်၊ အကြီး ၆ နှစ်ကျော်) ကျန်ရှိကြောင်း၊ မုံးပေါ် တွင် ဆယ်နှစ်ကျော်ခန့် နေထိုင်ခဲ့ကြောင်း၊ ဒေသခံများက ကိုကျော်မင်းအား  သဘောထားကောင်းသူ ဆေးမှူးတဦးအဖြစ် ရိုသေလေးစားကြကြောင်း၊ မည်သူ နှင့်မျှလည်း ခိုက်ရန် မုန်းထား မရှိကြောင်း နီးစပ်သူများက ပြောပါသည်။
မုံးပေါ်ရဲစခန်း၏ စခန်းမှူးသက်ဝေမှာထိုဒေသ၌ တာဝန်ထမ်းဆောင်နေသည်မှာ ၄ လကျော်သာရှိသေး ကြောင်း၊ ရဲတပ်ကြပ်ဖိုးခိုင်မှာမူ မုံးပေါ်၌နေထိုင်သည်မှာ နှစ်ကြာပြီဖြစ်ကြောင်း၊ မုံးပေါ်တွင်ရဲတပ်ဝန်ထမ်း နှင့် မိသားစုဝင်များ အားလုံးစုစုပေါင်း ၄၀ခန့်ရှိကြောင်း ဒေသခံများက ပြောပါသည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment